နန်းမြင့်
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ မြေသိမ်းခံရသူများ၏ မဟာဗန္ဓုလပန်းခြံ ဘေးမှ သပိတ်စခန်းကို မတ်လ ၃၁ ရက် ညပိုင်းက ဒုတိယအကြိမ် ဖျက်သိမ်းခဲ့ရာ ကိုးဦးဒဏ်ရာရရှိခဲ့ သည်ဟု သပိတ်စခန်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် မနေနွယ်သန်းက ပြောသည်။
“သပိတ်နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ မျှော်လင့်တယ်။ အကြမ်းဖက်မှု ဆက်မလုပ်ဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသည်။
မတ်လ ၃၁ ရက် နံနက် ၃ နာရီတွင် လူအင်အား ၆၀၀ ခန့်ဖြင့် သပိတ်စခန်း လာဖျက်စဉ်က သပိတ်စခန်း ဆောက်ထားသည့် ၀ါးလုံးများကို ဆွဲလွဲရာမှ ဆန္ဒပြသူ နှစ်ဦး လက်ကျိုးခဲ့ပြီး အခြားခုနစ်ဦးမှာ ပွန်းပဲ့ဒဏ် ရာရရှိခဲ့သည်။ လာရောက်ဖျက်သိမ်းရာတွင် ရဲဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများအပြင် လက်ပတ်အနီ ပတ်ထားသော အရပ်ဝတ်များလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။
“လာဖျက်တဲ့သူတွေက ၁၅မိနစ်အတွင်း သပိတ်ဖြိုပေးပါလို့ပြောတယ်။ တစ်မိနစ်တောင်မကြာဘူး။ အရပ်ဝတ်သူတွေက ၀င်ဖြိုကြတယ်” ဟု မတ်လ ၃၁ ရက်က သပိတ်စခန်း ဖြိုခွင်းခဲ့သည့်အခြေအနေကို ပြော သည်။
နံနက်ပိုင်းက အမိုးအကာများ ဖျက်သိမ်းခဲ့ပြီးနောက် ညနေ ၅ နာရီကျော်တွင် အမိုးများ ပြန်မိုးပြီး စခန်းဖွင့်လှစ်ထားသည်ဟုလည်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်စောစန္ဒာက ဆိုသည်။
“မနက်က အမိုးဖျက်သွားတယ်။ အမိုးပြန်လုပ်တယ်။ အမတို့မြေမရမချင်း ဒီအတိုင်း ဆက်လုပ်သွားမယ်” ဟု ပြောသည်။
တတိယအကြိမ် မိကျောင်းကန်သပိတ် စခန်းကို ရန်ကုန်တရားလွှတ်တော်ရုံးရှေ့ မဟာဗန်္ဓုလပန်းခြံဘေးတွင် လူအင်အား ၂၀၀ ကျော်ဖြင့် မတ်လ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပြီး မတ် ၃၀ ရက် နံနက် ၃ နာရီ လူအင်အား ၁,၀၀၀ ကျော်ဖြင့် သပိတ်စခန်းက အမိုးအကာများကို ဖျက်သိမ်းခဲ့သေးသည်။ ယင်းနောက်ပြန်လည် ဖွင့်လှစ်ခဲ့ရာ မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ထပ်မံ၍ ဒုတိယအကြိမ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
မတ်လ ၃၀ ရက်က ရန်ကုန်စည်ပင်သာယာရေးကော်မတီက မဟာဗန္ဓုလပန်းခြံနှင့် စင်္ကြံပေါ်တွင် အမိုးအကာ အဖီအဆွယ်များ ဖျက်သိမ်းပေးရန် စာထုတ်ပြန်ခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲစည်ပင်ဥပဒေအရ တရားစွဲအရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
သပိတ်စခန်းဖွင့်လှစ်ခြင်းကြောင့် ၎င်းတို့၏ဦးဆောင်သူ ဦးစိန်သန်းကို တရားစွဲဆိုထားသည်ဟု ကြားသိရသော်လည်း အတိအကျ လာရောက်ပြောကြားခြင်းမရှိဟုလည်း မနေနွယ်သန်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မိကျောင်းကန်နေရာတွင် ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ခဲ့စဉ်ကလည်း တပ်မြို့စည်ပင်ဝန်ထမ်းများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သဖြင့် ဆန္ဒပြသူ အမျိုးသမီးရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့သည့် ဒုတိယအကြိမ် သပိတ်စခန်းကို ဖွင့်စဉ်က မိကျောင်းကန် မြေသိမ်းပြဿနာကို ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်က ဖြေရှင်း ပေးမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်း၏ လက်မှတ်ရရှိပြီး ပြည်ထောင်စုလွှတ်တော်မှတစ် ဆင့် အစိုးရထံ စုံစမ်းရေးကော်မရှင်က တင်ပြပေးမည်ဟုဆိုသဖြင့် သုံးလတာ စောင့်ကြည့်ရန် ဒီဇင်ဘာ ၁၂ ရက်တွင် စခန်းပိတ်သိမ်းခဲ့သည်။ ဒုတိယအကြိမ်သပိတ်စခန်းဖွင့်လှစ်စဉ်က အသေခံတိုက်ပွဲဝင်မည် ဟုဆိုကာ ဆန္ဒဖော်ထုတ်သူများက သရဏဂုံတင်ခဲ့သေးသည်။
လက်ရှိအချိန်ထိမူ ကော်မရှင်ဘက်က မည်သို့မျှ လာရောက် ဖြေရှင်းပေးခြင်းမရှိသေးဟုလည်း မနေနွယ်သန်းက ဆိုသည်။ လက်ရှိ သပိတ်စခန်းနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်မည်ကို သိလို၍ ဖြေရှင်းပေး မည်ဟုဆိုထားသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တောင်ဥက္ကလာမဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း ထံသို့ မဇ်္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ချေ။
မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း သုံးကြိမ် ဖွင့်လှစ်ခဲ့သည်။ ပထမအကြိမ် သပိတ်စခန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် သပိတ်စခန်းကို နိုဝင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment