မင်းမင်း
ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည့် ဘတ်စ်ကားများ မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်၊ အချ ပြုလုပ်နေခြင်းများကို တစ်ရက်လျှင် တစ်မှုနှုန်းပင် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ဟု ရန်ကုန်တိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ဧပြီ ၂၄ရက် တိုင်းလွှတ်တော်တွင်း ရှင်းလင်းပြောဆိုသည်။
မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်၊ အချ ပြုလုပ်နေခြင်းကို ယာဉ်ထိန်းရဲနှင့် မထသ(ဗဟို)တို့ ပူးပေါင်း ပြီး ဖမ်းဆီးခဲ့ရာတွင်၂၀၁၃ ခုနှစ်အတွင်း ၃၃၄ မှုသာ ဖမ်းမိခဲ့သည်ဟု ၎င်းက ပြောခြင်းဖြစ်သည်။
ထို့ကြောင့် ၃၆၅ ရက်ရှိ တစ်နှစ်အတွင်း တစ်ရက်လျှင် တစ်မှုနှုန်းပင် မဖမ်းဆီးနိုင်ခဲ့သည့်သဘော သက် ရောက်နေသည်။
ထိုသို့ ဘတ်စ်ကားများ စည်းကမ်းမဲ့မှုအပေါ် ထိရောက်သော အရေးယူမှုဖြင့် တားဆီးရန် ဗဟန်းမြို့နယ်မှ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးမြင့်ကြည်၏ တောင်းဆိုမှုအပေါ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ဖြေကြားရာတွင် အဆိုပါကိန်း ဂဏန်းများဖြင့် ရှင်းပြလိုက်ခြင်း ဖြစ်သည်။
ဘတ်စ်ကားများအနေဖြင့် မှတ်တိုင်များတွင်သာ ခရီးသည်တင်ချမှုပြုရန် ကြပ်မတ်ဆောင်ရွက်နေပြီး“ဆက် လက်ပြီးတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပြီးတော့ ထိရောက်သော အရေးယူမှု ဆောင်ရွက်သွားမည်” ဟု လွှတ်တော်အမတ်၏ တောင်းဆိုမှုကို ၀န်ကြီးက ပြန်လည်ဖြေရှင်းသည်။
လက်ရှိတွင် မထသ(ဗဟို)အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းထားသည့် အထူးစစ်ဆေးရေးအဖွဲ့ ၁၆ ဖွဲ့ ဖွဲ့စည်းထားပြီး ရန်ကုန်မြို့တွင်းရှိ မှတ်တိုင်ပေါင်း ၇၃၆ ခုကို တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် မှတ်တိုင်များတွင်သာ ရပ်၊ ချ၊ တင်၊ ထွက်စေရန် ကြပ်မတ်နေသည်ဟု ၀န်ကြီးက လွှတ်တော်တွင် ရှင်းပြခဲ့သည်။
ယင်းအပြင် ယာဉ်ကြောပိတ်ဆို့မှုများသည့် ၁၄ နေရာတွင် ဘတ်စ်ကားယာဉ်လိုင်း ငါးလိုင်းမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သော ငါးဦးဖြင့် ယာဉ်ကြောကြပ်တည်းမှုမရှိစေရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
အစိုးရသစ်လက်ထက်တွင် တရားဝင် ကားတင်သွင်းခွင့်ပြုလိုက်ပြီး နောက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာသလို တက္ကစီကားများနှင့် ဘတ်စ်ကားများက လူကူးမျဉ်းကျားများတွင် ခရီးသည် အတင် အချ ပြုလုပ်နေခြင်းကလည်း ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်နေသည်ဟု လမ်းအသုံး ပြုသူတချို့က မှတ်ချက်ပြုသည်။
No comments:
Post a Comment