Thursday, April 24, 2014

ဆင်းရဲမှုလျှော့ချရေး ထိရောက်သည့် မူဝါဒချရန် တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်

အောင်မင်း၊ မင်းမင်း

ရန်ကုန်တိုင်းအတွင်း ဆင်းရဲနွမ်းပါးမှု အခြေအနေအများကို တိုက်ဖျက်နိုင်ရန် ထိရောက်သည့် မူဝါဒများ ချမှတ်နိုင်ရေး ဧပြီ ၂၅ ရက်တွင် ဆွေးနွေးမည်ဟု ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုလိုက်သည်။

ဧပြီ ၂၃ ရက် တိုင်းလွှတ်တော်အစည်း အဝေးတွင် ရန်ကင်းမြို့နယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးသောင်းကျော်၏ “ဆင်းရဲမှုကိုလျှော့ချရန် လက်တွေ့ကျပြီး ထိရောက်သော မူဝါဒကို ချမှတ်အကောင် အထည်ဖော်ရန်” အရေးဆိုမှုကို ကန့်ကွက် သူမရှိဘဲ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ် လိုက်ခြင်းလည်း ဖြစ်သည်။

“လက်တွေ့ကျပြီးတော့ ထိရောက်တဲ့ မူဝါဒတွေကို ခုကတည်းက ချမှတ်ဖို့သင့်ပါ တယ်။ ဒီလိုမှမလုပ်ထား ရင် နောင်လူဦးရေ တိုးလာတဲ့အခါမှာ မြို့ပြဆင်းရဲနွမ်းပါးမှုဟာ ဆက်တိုးလာဦးမှာ ဖြစ်ပါတယ်” ဟု ဦးသောင်းကျော်က ပြောသည်။

၎င်းအဆိုအရ မြို့ပြလူဦးရေ သုံးပုံတစ်ပုံခန့်မှာ ၀င်ငွေမလောက်ငခြင်း၊ ကြုံရာ ကျပန်းလုပ်ကိုင်ကာ ရှာဖွေ စားသောက်နေရခြင်း၊ တိုးမြင့်လာသည့် အိမ်ငှားခများကြောင့် ကျူးကျော်နေထိုင်သူများပြားလာခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အကျိုးဆက်အနေဖြင့် အမျိုးသမီး လူကုန်ကူးမှု၊ အရွယ်မရောက်သူများ အလုပ်ခိုင်းစေမှုနှင့် ရာဇ၀တ်မှုများ ထူပြောလာမှုတို့ ကြုံတွေ့နေရကြောင်း ဖြည့်စွက်ပြောသည်။အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) မှ မြန်မာနိုင်ငံတွင် ယင်း၏လုပ်ငန်းများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်နှောင်း ပိုင်းပြုလုပ်ခဲ့သော စစ်တမ်းအရ ၂၀၁၀ ခုနှစ် ရန်ကုန်တိုင်းလူဦးရေ၏ ၁၆ ဒသမ ၁ ရာခိုင်နှုန်းမှာ ဆင်းရဲ နွမ်းပါးမှုနှင့် ကြုံတွေ့နေသည်။

အဆိုပါစစ်တမ်းတွင် လူတစ်ယောက်လိုအပ်သည့် အဟာရအတွက် လုံလောက်သော အခြေခံအစား အသောက်များ မစားသုံးနိုင်ခြင်း၊ အခြေခံလူသုံးကုန် (ဥပမာ-ဆပ်ပြာ၊ သွားတိုက်ဆေး) တို့အား မသုံးစွဲ နိုင်ခြင်းကဲ့သို့သော ဆင်းရဲနွမ်းပါးမှုပြဿနာ များနှင့် ကြုံတွေ့နေရသည်များကိုသာ ဖော်ပြထားခြင်းဖြစ်သည်။

No comments: