Thursday, June 5, 2014

ဧရာဝတီတိုင်း ဆားအထွက်နှုန်း ယခုနှစ် ၃၀ ရာခိုင်နှုန်းခန့် လျော့ကျ

ဆလိုင်းသန့်စင်

ဆားကွင်းဧရိယာများ လျှော့ချလုပ်ကိုင်မှုနဲ့ ရာသီဥတု မညီမျှမှုတွေကြောင့် ဧရာဝတီတိုင်း ဒေသကြီးမှာရှိတဲ့ နေလှန်း ဆားချက် လုပ်ငန်းတွေရဲ့ ဆားအထွက်နှုန်းဟာ ယမန်နှစ်ထက် ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့တယ်လို့ ဆားတောင်သူတွေနဲ့ ဆား လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

မနှစ်ကဆိုရင် မေလ တတိယပတ်အထိ ဆားကျုံးလို့ရခဲ့ပေမယ့် ဒီနှစ်မှာတော့ မေလ ပထမပတ်ထဲမှာတင် မိုးတွေဆက်တိုက်ရွာသွန်း ခဲ့တဲ့အတွက် တောင်သူတွေ ရက်သတ္တပတ် ၂ ပတ်လောက် ဆားကျုံးခွင့် နစ်နာခဲ့ပါတယ်။

ဒါ့အပြင် မနှစ်က ဆားပေါ်ချိန်မှာ ဆားကြမ်းဈေးမကောင်းတဲ့အတွက် ဆားတောင်သူတွေအများစု အရှုံးပေါ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ဆားကွင်းလုပ်ကိုင်သူ လျော့နည်းခဲ့ပြီး ဆားကွင်း ဧရိယာတွေလည်း လျှော့ချလုပ်ကိုင်ကြတဲ့အတွက် ဧရာဝတီတိုင်း ဒေသကြီးရဲ့ ဆားအထွက်နှုန်းတွေ ကျဆင်းသွားရတာဖြစ်တယ်လို့ ဒေသခံဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။

“မနှစ်ကတုန်းက ဆားကျုံးတား ပိဿာချိန် ၄ သိန်းကျော်ရခဲ့တာ ဒီနှစ်က ၃ သိန်းလောက်ပဲ ရတယ်။ ၃၀ ရာခိုင်နှုန်းလောက် လျော့သွားတာပေါ့။ ဆားဖိုတိုင်းလိုလို ဆားပိဿာချိန် ၆ သောင်းကနေ ၁ သိန်းကျော်အထိ လျော့ကြတယ်။ အဓိကကတော့ ရာသီဥတု ကြောင့်ပေါ့။ မိုးက အစောကြီးရွာတော့ ဆားလုပ်ငန်းက စောစောသိမ်းရတယ်။ အဲဒီမှာ ဆားအထွက်နှုန်း လျော့ကျကုန်တာပဲ”လို့ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ မဲခရဲကျေးရွာက ဆားတောင်သူ ဒေါ်စီစီအောင်က ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဒေသကြီးက နေလှန်းဆားထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ဆားချက်လုပ်ငန်းတွေကို ငပုတောနဲ့ လပွတ္တာမြို့နယ်တွေမှာ အဓိက လုပ်ကိုင်ကြပါတယ်။

ဧရာဝတီတိုင်းမှာ ဆားချက်လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလက စတင်လုပ်ကိုင်ကြပြီး ဇန်န၀ါရီလဆန်းပိုင်းလောက်မှာ ဆား တွေ စတင် ကျုံးကြပါတယ်။ မိုးရာသီဝင်ရောက်တဲ့ မေလကုန်ပိုင်းလောက်ဆို ဆားကွင်းတွေ ပိတ်သိမ်းကြလေ့ ရှိပါတယ်။

“ဒီနှစ်က ဆားကွင်း နည်းတယ်။ ဆားထုတ်လုပ်သူ နည်းတယ်။ မနှစ်က ဆားဈေးတွေက တအားနည်းနေတော့ လူတွေက မကိုက် ဘူးလေ။ အဲဒီတော့ တချို့က မလုပ်ကြတော့ဘူး။ လုပ်တဲ့လူတွေကလည်း ဧရိယာလျှော့လုပ်တာပေါ့။ နှစ်တိုင်းထက်က ဆားထွက်နှုန်း ၃၀ ရာခိုင်နှုန်းကျော်လောက် လျော့ကျတယ်လို့ ပြောလို့ရတယ်”လို့ ပုသိမ်မြို့က ဆားလုပ်ငန်းရှင် ဦးရဲမြင့်က ပြောပါတယ်။

လက်ရှိ ဆားကြမ်းဈေးနှုန်းကတော့ တောဈေး (တောရွာရှိ ဆားကွင်းတွင် ၀ယ်ယူသည့်ဈေးနှုန်း) ဆား ၁ ပိဿာ ၅၀ ကျပ်၊ ပုသိမ်မြို့ အရောက် ၅၅ ကျပ် ဈေးနှုန်း ရှိနေပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ၆ နှစ်တာ ကာလအတွင်း မဖြစ်စဖူး မြင့်တက်လာခဲ့တဲ့ ဆားကြမ်းဈေးနှုန်းလည်း ဖြစ်ပါတယ်။

ဒီနှစ်မှာ ဆားကြမ်းဈေးအသင့်အတင့် မြင့်တက်ခဲ့ပေမယ့်လည်း ငွေကြေးအရင်းအနှီးမရှိလို့ ကြိုပွိုင့်စနစ်နဲ့ရောင်း၊ အတိုးနဲ့ ချေးငှာလုပ်ကိုင်ကြတဲ့ ဆားတောင်သူအများစုကတော့ ဆားဈေးတက်ခြင်းရဲ့အကျိုးကျေးဇူးကို မခံစားကြရပါဘူး။


“တချို့က ဆားကိုကြိုပွိုင့်စနစ်နဲ့ တပိဿာ ၂၀ လောက်ဈေးနဲ့ ဆားမဖြစ်ခင် ကြိုရောင်းထားတယ်။ ဆားလည်းပေါ်ရော အကြွေးရှင် က လာသိမ်းသွားရော။ တချို့ကျတော့လည်း အတိုးနဲ့ချေးငှားပြီး လုပ်ထားတော့ ဆားပေါ်တာနဲ့ ဈေးကောင်းကောင်း မကောင်း ကောင်း ထိုးရောင်းပြီး အကြွေးဆပ်ရတယ်လေ။ အဲတော့ အခုလို ဆားဈေးကောင်းချိန်မှာ သူတို့လက်ထဲ ဆားမရှိတော့ ထီပေါက်ပြီထီလက်မှတ်ပျောက်တဲ့ဘ၀မျိုးတွေ ဖြစ်နေတာပေါ့”လို့ ငပုတောမြို့နယ် တံခွန်တိုင် ကျေးရွာက ဆားတောင်သူ ဒေါ်ဌေးဌေးမြင့်က ပြောပါတယ်။

ငွေကြေးအရင်းအနှီးရှိလို့ ကိုယ့်လက်ထဲကဆားကို မရောင်းသေးဘဲ လှောင်ထားနိုင်တဲ့ ဆားတောင်သူတွေကတော့ လက်ရှိပေါက် ဈေး ၁ ပိဿာ ၅၀ ကျပ်အတိုင်း ဆက်ရှိနေမယ်ဆိုရင် ဒီနှစ် ဆားရာသီက အမြတ်ရတဲ့ ရာသီဖြစ်မယ်လို့ ပြောကြပါတယ်။

ဆားကြမ်းဈေးနှုန်းတွေဟာ မိုးမရွာမီ မေလ ပထမပတ်တုန်းက တောဈေး ဆားကြမ်း ၁ ပိဿာ ၃၂ ကျပ်ဈေးရှိရာကနေ မိုးရွာသွန်း လို့ ဆားကွင်းတွေ သိမ်းပြီးတဲ့နောက်မှာ တောဈေး ၁ ပိဿာ ၅၅ ကျပ်အထိ ဈေးတက်သွားခဲ့ပါတယ်။ ဇွန်လဆန်းပိုင်းအရောက်မှာ တပိဿာ ၅၀ ကျပ်နှုန်းကို ပြန်လည်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လတ်တလောအခြေအနေမှာ ဆားစက်တွေက ၀ယ်ထားပြီးသား ဆားကြမ်းတွေကို ဆားချောအဖြစ် ကြိတ်ခွဲ ရောင်းချနေ တဲ့အတွက် ဆားတောင်သူတွေဆီက ဆားကြမ်းတွေ အရောင်းအ၀ယ် ဖြစ်ထွန်းမှု မရှိသလောက်နည်းပါးနေတယ်လို့ ဆားစက် ပိုင်ရှင်တွေက ပြောကြပါတယ်။

မနှစ်ကဆားရာသီမှာ ရာသီဥတုကောင်းမွန်တာကြောင့် ဆားအထွက်နှုန်းများခဲ့ပေမယ့် ဆားကြမ်းဈေးက တောဈေး ဆား ၁ ပိဿာကို ကျပ် ၂၀ ကနေ အများဆုံး ၄၀ ၀န်းကျင်အထိပဲ ပေါက်ဈေးရှိခဲ့တဲ့အတွက် ဆားတောင်သူအများစု အရှုံးပေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

“မနှစ်ကဆို ရာသီဥတုကောင်းတော့ ဆားလှိုင်လှိုင်ထွက်တယ်။ ကျမတို့ ခန့်မှန်းထားတာထက်ကို ဆားတွေ ပိုရခဲ့တယ်။ ဒါပေမယ့် ဆားဈေးမကောင်းတော့ ဆားတောင်သူအများစု ရှုံးခဲ့ကြတယ်။ ဒီနှစ် ဆားဈေး ကောင်းလာခဲ့ပေမယ့် ငွေမရှိတဲ့ ဆားတောင်သူ အများစုကတော့ ဆားပေါ်ချိန်မှာ ရတဲ့ဈေးနဲ့ ထိုးရောင်းရလို့ အမြတ်အစွန်းမရဘဲ ဒုံရင်းက ဒုံရင်းဘ၀ပဲ ရှိပါတယ်”လို့ ဆားတောင် သူ ဒေါ်စီစီအောင်က ပြောပြပါတယ်။

ဆားအထွက်နှုန်း လျော့ကျခဲ့တဲ့အတွက် ဒီနှစ်နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေရောက်ရင် ဆားရှားပါးမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပုသိမ်မြို့က ၀ါရင့်ဆားလုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ နေလှန်းဆားချက်လုပ်ငန်းကို ဧရာဝတီတိုင်းအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာလည်း လုပ်ကိုင်ကြ ပါတယ်။

No comments: