Friday, June 13, 2014

နာမည်ကျော် ဟီလ်တန်ဟိုတယ်အုပ်စုနှင့် မြန်မာမှ ဧဒင်အုပ်စု ပူးပေါင်းပြီး ဟိုတယ် ငါးလုံးဖွင့်မည်

ထင်လင်းအောင်

အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သော Hilton Worldwide (HW) သည် မြန်မာနိုင်ငံမှ ဧဒင်လုပ်ငန်းစုနှင့်ပူးပေါင်းကာ လေးနှစ်အတွင်း Hilton (ဟီလ်တန်) အမည်ဖြင့် ဟိုတယ်ငါးလုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဧဒင်အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်က ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းပူးပေါင်းမှု၏ ခြေလှမ်းအစအဖြစ် ဧဒင်လုပ်ငန်းစုကပိုင်ဆိုင်သော နေပြည်တော်မြို့ရှိ သင်္ဂဟဂါးဒင်း ဟိုတယ် နှင့် ငပလီကမ်းခြေရှိ သင်္ဂဟငပလီဟိုတယ် နှစ်ခုကို ဟီလ်တန်နေပြည်တော်နှင့် ဟီလ်တန်ငပလီ အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်မည့် သဘောတူညီမှုတစ်ရပ်ကို ရန်ကုန်မြို့ ကမ်းနားဟိုတယ်တွင် လက်မှတ် ရေးထိုးစဉ် ပြောကြားခြင်း ဖြစ်သည်။

ဧဒင်အုပ်စု ဥက္ကဋ္ဌဦးချစ်ခိုင်က “သင်္ဂဟအမည်နဲ့ နိုင်ငံတကာအဆင့်ကို သွားဖို့ဆိုရင် အချိန်အကြာကြီး ယူ ရဦးမယ်။ ဟီလ်တန်ကလည်း ကမ္ဘာ့ထိပ်သီးဟိုတယ် လုပ်ငန်းစုဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ စပြီးရင်းနှီးမြှုပ်နှံ ဖို့ဆိုရင် အချိန်ယူရမှာပဲ။ သင်္ဂဟဟိုတယ်တွေကို ဟီလ်တန်အမည်နဲ့ ပြောင်းပြီး ဟီလ်တန်ရဲ့ စီမံခန့်ခွဲမှုနဲ့ သွားလိုက်တော့ နှစ်ဖက်စလုံး အဆင်ပြေသွားတာပေါ့ ” ဟု ပြောသည်။

လေးနှစ်စီမံကိန်းဖြင့် ဖွင့်လှစ်သွားမည့်ဖြစ်သည့် ဟိုတယ်ငါးလုံးအနက် လက်ရှိတွင်ဟီလ်တန်နေပြည်တော် နှင့် ဟီလ်တန်ငပလီကို ယခု ၂၀၁၄ ခုနှစ်တွင်ပင် ဖွင့်လှစ်သွားမည်ဖြစ်ကာ ဟီလ်တန်ပုဂံ၊ ဟီလ်တန်အင်း လေးနှင့် ဟီလ်တန်မန္တလေး ဟိုတယ်စီမံကိန်းသုံးခုကို အသစ်တည်ဆောက်ကာ ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု ဦးချစ်ခိုင်က ဆက်လက်ပြောသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် Hilton Worldwide (HW) ဟိုတယ်လုပ်ငန်းစုသည် စီမံကိန်းအလုံးစုံ၏ အကြမ်း အမြတ်ငွေအပေါ်တွင် ၈ ရာခိုင်နှုန်းနှင့် အသားတင်အမြတ်ငွေအပေါ်တွင် ၂ ရာ ခိုင်နှုန်းသာရရှိ မည်ဖြစ်ပြီး ကျန်အကျိုးအမြတ် ခံစားခွင့်များကိုမူ ဧဒင်လုပ်ငန်းစုကပင် ရရှိဖြစ်သည်ဟု ထပ်မံ ပြောသည်။

Hilton Worldwide (HW) ၏ အာရှ နှင့် ပစိဖိတ်ဒေသ ဥက္ကဋ္ဌဖြစ်သူ Mr . Martin Rinck က “ Hilton အမည်နဲ့ ဟိုတယ်တွေကို မြန်မာဈေးကွက်မှာ အမြန်ဆုံးခြေချနိုင်ဖို့ ဧဒင်နဲ့ လက်တွဲလိုက်တာပါ။ အသစ်အနေနဲ့ တည်ဆောက်ဖွင့်လှစ်သွားမယ့် ဟိုတယ်သုံးလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း ဧဒင်အနေနဲ့ ဆောင် ရွက်မှာပါ။ ဟီလ်တန်အနေနဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ အစီအစဉ်ကို မသွားရသေးပါဘူး” ဟု မဇ်္ဈိမ၏ မေးမြန်းမှုကို ဖြေကြားပြောသည်။

ယခုနှစ်အတွင်းဖွင့်လှစ်မည့် ဟီလ်တန် နေပြည်တော်တွင် အခန်း ၂၀၀ နှင့် ဟီလ်တန်ငပလီတွင် အခန်း ၅၁ ခန်း ပါဝင်မည် ဖြစ်သည်။ အသစ်ထပ်မံတည်ဆောက်မည့် ဟီလ်တန်ဟိုတယ် သုံးလုံးအနက်ဟီလ်တန် ပုဂံကို အခန်းပေါင်း ၁၈၀၊ ဟီလ်တန်အင်းလေးကို အခန်းပေါင်း ၁၅၀ နှင့်ဟီလ်တန်မန္တလးကို အခန်းပေါင်း ၂၅၀ ဖြင့် ဆောက်လုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဦးချစ်ခိုင်ကမူ “ နောက်ထပ် တည်ဆောက်ဖွင့်လှစ်မယ့် ဟိုတယ်တွေမှာတော့ ဟီလ်တန်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ပါဝင်လာနိုင်မယ် ထင်ပါတယ်။ အခုသူတို့ရဲ့ခြေလှမ်းအစဖြစ်တော့ ဘာလုပ်မယ်ဆိုတာသေချာမပြော နိုင်တဲ့ အနေအထား ဖြစ်နေတာကြောင့်ပါ ” ဟု ပြောသည်။ Hilton ဟိုတယ်လုပ်ငန်းစုသည် ကမ္ဘာ့နိုင်ငံ ပေါင်း ၉၂ နိုင်ငံတွင် ဟိုတယ်များ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

No comments: