ဂျွန်ချစ်ငြိမ်း
တောင်ကြီးမြို့ပေါ် ရပ်ကွက် ၂၂ ခု အတွင်း အမှိုက်သိမ်းလုပ်ငန်းဆောင်ရွက်မည့် မွှေးအမှိုက်သိမ်းဆည်းရေး ၀န်ဆောင်မှု ကုမ္ပဏီသတ်မှတ်ထားသည့် နှုန်းထားမှာ များလွန်းနေသည်ဟု မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌက ဇွန် ၁၈ရက်တွင် ဝေဖန်လိုက်သည်။
ယင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲ တွင် “လားရှိုးမှာ ခေါက်ဆွဲဆိုင်ကြီး တစ်ဆိုင်ကောက်တဲ့ နှုန်းထားက ကျပ်တစ်ထောင်ဆို ကျွန်တော်တို့ဆီမှာက ကျပ်တစ်သောင်းခွဲ ဖြစ်နေတယ်”ဟု ဥက္ကဋ္ဌ ဦးစိုင်းအောင်စာက ပြောသည်။
တင်ပြထားသည့် သွပ်မိုး၊ ထရံကာအိမ်ထောင်စုတစ်ခု မီးဖိုချောင်သုံးအမှိုက်စွန့်ပစ်ခကျပ်တစ်ထောင်မှ စက် မှုစီးပွားအမှိုက်သိမ်းဆည်းခအမြင့်ဆုံး နှုန်းထား ကျပ်သုံးသောင်းသည် လားရှိုး မြို့တွင်ဝန်ဆောင်ပေးနေ သည့် ပုဂ္ဂလိကကုမ္ပဏီ၏ နှုန်းထားထက် ထက်ဝက် ကျော်မြင့်မားနေသည်ဟု ၎င်းကဆွေး နွေးသည်။
မွှေးအမှိုက်သိမ်းဆည်းရေး ၀န်ဆောင်မှု ကုမ္ပဏီမှ အတွင်းရေးမှူး ဖြစ်သူ ဒေါ်ဝင်းပပကျော်က “ကျွန်မတို့ ကုမ္ပဏီက အကျိုးအမြတ်ခံစားခွင့် တစ်ခုတည်းနဲ့လုပ်ချင်တာ မဟုတ်ပါဘူး။ ပြည်သူလည်း စိတ်ချမ်းသာ ရမယ်၊ မြို့ကိုလည်း သန့်ရှင်းသာယာလှပဖို့အတွက် ဈေးနှုန်းကို အဓိက မထားဘဲကွင်းဆင်း လေ့လာပြီးမှ ပြည်သူတွေ ဆန္ဒအတိုင်း ကောက်ခံသွားမှာဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။
တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနက အမှိုက်သိမ်းစနစ်ကို ပုဂ္ဂလိက သို့ လွှဲပေးရန် စီစဉ်နေ ခြင်းဖြစ်သည်။ လုပ်ကိုင်ရန် ခွင့်ပြုထားသော မွှေးဝန်ဆောင်မှုကုမ္ပဏီသည် မြို့ပေါ်ရပ်ကွက် ၂၂ခု၊ ဈေး၊ အစိုးရစာသင်ကျောင်း၊ ပြည်သူ့ဆေးရုံ၊ ဘာသာသာရေးအ ဆောက်အအုံ၊ ဘုရားပုထိုးစေတီများ၊ အစိုးရ ဌာနဆိုင်ရာ အဆောက်အအုံများ၊ အဓိက လမ်းမကြီးများကို တာဝန်ယူရ မည်ဖြစ်သည်။
မွှေးအမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှု ကုမ္ပဏီမှဒါရိုက်တာဒေါက်တာ မျိုးမင်းထူးက ၀န်ထမ်းအင်အား ၉၀၊ အမှိုက်သိမ်း ၅တန်ယာဉ် ၅စီး၊ အမှိုက်သိမ်း ၃ဘီးကား၂၀စီး၊ အမှိုက်တန်ပုံးကြီး၁၀ ပုံးဖြင့် လုပ်ငန်းဆောင်ရွက်မည်ဟု ပြော သည်။
အမှိုက်သိမ်းကုမ္ပဏီက တင်ပြလာတဲ့ နှုန်းထားက ပြည်သူတွေ လက်ခံနိုင်တဲ့ ဈေးနှုန်း ပြန်ကြည့်ရမယ်၊ ဒီဈေးနှုန်းအတိုင်း သွားကောက်ရင် ပြည်သူတွေ ဆီမှာလည်း အခက်အခဲရှိလာနိုင်ပါ တယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
နှုန်းထားများ သတ်မှတ်နိုင်ရန် ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ပြီး အမှိုက်သိမ်းစနစ် ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းကို အလျင်စလိုလုပ်ရန်မရှိဟု ဦးစိုးနိုင်ဦးက ဆိုသည်။
No comments:
Post a Comment