Tuesday, June 24, 2014

ဦးဆန်းဆင့်နှင့် ဦးအံ့မောင် အဖမ်းခံရမှု ပြည်ထဲရေး ဒု-ဝန်ကြီး ရေငုံနှုတ်ပိတ်နေ

ဝင်းကိုကိုလတ်

ဖမ်းဆီး စစ်ဆေးခံနေရသည့် သာသနာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်နှင့် ပြီးခဲ့သည့်နှစ်ရက်က ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်ပေါ်နေသည့် သာသနာရေးဝန်ကြီးဌာန၊ အကြံပေးဖြစ်သူ ဦးအံ့မောင်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို လောလောဆယ်၌ ထုတ်ဖော်မပြောကြားနိုင်သေးဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇွန်လ ၂၃ရက်က လွှတ်တော်တွင် သတင်ထောက်များ၏ အမေးကို ပြန်လည်ဖြေကြားခဲ့သည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက "ဦးဆန်းဆင့်တို့ကိစ္စနဲ့ ပတ်သက်လို့ကတော့ လောလောဆယ် ဘာမှပြောလို့မရသေးတာပါ" ဟု ပြောသည်။

သာသနာရေးဝန်ကြီးဌာန၊ အကြံပေးဖြစ်သူ ဦးအံ့မောင်အပါအဝင် ကိုးဦးအား ခေါ်ယူစစ်ဆေးထားခြင်း ရှိ၊ မရှိကိုလည်း ၎င်းက အတည်ပြုပြောကြားခြင်းမရှိပေ။

သို့သော် အစိုးရအဖွဲ့အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်ပါဝင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ထိုက်သင့်သည့် အချိန်ရောက်ပါက ထုတ်ဖော် ပြောကြားသွားမည်ဟုလည်း ဒုတိယဝန်ကြီးက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ရမည်သင်းထောင်တွင် ထားရှိပြီး ၎င်း၏ကိုယ်ရေးအရာရှိကိုမူ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရသေးဟု ဦးဆန်းဆင့်နှင့် နီးစပ်သူ အသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုသော်လည်း ပြည်ထဲရေးဒုဝန်ကြီးက အတည်ပြုရန် ငြင်းဆိုသည်။

ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ရက်က ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

No comments: