ဖြိုး
ဈေးကွက်အတွင်းရှိ စားသောက်ကုန်များတွင် ပါဝင်ပစ္စည်းအညွှန်းကို မြန်မာစာဖြင့် ထည့်သွင်းဖော်ပြထားခြင်းမရှိပါက စားသုံးသူအတွက် Unsafe Product(ကျန်းမာရေးအတွက် စိတ်ချမှုမပေးနိုင်သည့် ထုတ်ကုန်ပစ္စည်း)များအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောသည်။
ဇွန်လ ၁၂ ရက်က မန္တလေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ၌ ၎င်းက“ ကုန်ပစ္စည်းနာမည်ကို ပြောတာ မဟုတ်ပါဘူး။ ကုန်ပစ္စည်းထဲမှာ ဘာတွေပါဝင်တယ်။ စားသုံးသူ ဘယ်လိုသုံးစွဲ ရမယ်ဆိုတဲ့ အညွှန်းသဘောမျိုးကို မြန်မာစာနဲ့ ထည့်သွင်းဖော်ပြပေးရမှာဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင် ဈေးကွက်ထဲမှာ အဲဒီကုန်ပစ္စည်းဟာ စားသုံးသူအတွက် စိတ်မချရတဲ့ ကုန်ပစ္စည်းလို့ သတ်မှတ်သွားမှာပါ” ဟု ပြောသည်။
ပြည်ပနိုင်ငံများတွင် ၎င်းတို့ဈေးကွက်၌ ထိုသို့သောအမျိုးအမည်မသိနိုင်သည့် ကုန်ပစ္စည်းများ ၀င်ရောက်နေပါက ပြန်လည်သိမ်းဆည်းမှုများဆောင်ရွက်ကြပြီး လက်ရှိမြန်မာနိုင်ငံတွင် ထိုသို့အရေးယူ ဆောင်ရွက်မှုများ မလုပ်နိုင်သေးကြောင်း ဦးဆွေတင့်ကြူးက ဆက်လက်ပြောသည်။
ပြည်တွင်း ကုန်ထုတ်လုပ်သူလုပ်ငန်းရှင်များကလည်း လုပ်ငန်းလိုင်စင်တစ်ခုရှိရုံဖြင့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ပြီဟုသတ်မှတ်မထားဘဲ မိမိကုန်ပစ္စည်း သည်စားသုံးသူအတွက် အရည်အသွေး စိတ်ချ ရသည့်၊ ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်တစ်ခုဖြစ်ကြောင်းကို ပြည်တွင်း (သို့မဟုတ်) ပြည်ပ ဓာတ်ခွဲခန်းများ၏ အသိအမှတ်ပြုလက်မှတ်များရယူထားရန် နောင်တွင်လိုအပ်လာမည်ဖြစ်သည်။
စားသုံးသူများကလည်း ဈေးသက်သာသည်ထက် ကျန်းမာရေးအတွက်စိတ်ချရသည့် ကုန်ပစ္စည်းအမျိုးအစား များကိုသာဝယ်ယူအသုံးပြုသင့်ကြောင်း၊ ထုတ်ကုန် ပစ္စည်းများထက်စားသုံးသူ၏ အသိပညာ နှင့် ရွေးချယ် မှုသာ ပိုမိုအရေးကြီးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်က ပြဋ္ဌာန်းခဲ့ပြီး ဆက်လက်၍နည်းဥပဒေမူကြမ်းကိုလည်း ပြည်ထောင်စုရှေ့နေ ချုပ်ရုံးထံတင်ပြကာ သဘောထားတောင်း ခံထားပြီး သဘောထားမှတ်ချက်ရရှိပြီဆိုပါက အတည်ပြုထုတ်ပြန်နိုင်တော့မည် ဖြစ်သည်။
နည်းဥပဒေထွက်ရှိလာပြီဆိုပါက ဥပဒေအရ အရေးယူမှုအပိုင်းကိုလည်း စတင်ဆောင်ရွက်သွားမည်ဖြစ် ပြီး လက်ရှိကာလသည်အသိပညာပေးရေးလုပ်ငန်းများကိုသာ ပထမဦးစားပေးအဖြစ်ဆောင်ရွက် လျက်ရှိ သည်ဟု ဦးဆွေတင့်ကြူးကဆိုသည်။
No comments:
Post a Comment