ABC
“မလုံခြုံသော သဘာဝအမွေ”လို့ အမည်တပ်ထားတဲ့ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဓာတ်ပုံမှတ်တမ်းပြပွဲတစ်ခုကို လာမယ့် ဇွန်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ဖို့ရှိပါတယ်။
ရခိုင်ပြည်နယ်ကနေ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစရှိတဲ့ ပြည်နယ်တွေကို ဖြတ်ပြီး တရုတ်နိုင်ငံဆီကို ပို့လွတ်မယ့် ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ကြောင့် ဖြစ်ပေါ်တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု၊ ဒေသခံပြသူတွေရဲ့ လူမှုဘဝအပေါ် သက်ရောက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် နစ်နာမှုတွေကို ရှုမြင်ခံစားနိုင်အောင် ပုံတွေကို ကျောက်တံတား မြို့နယ်က River Ayeyarwaddy Galleryမှာ ပထမဆုံးအကြိမ် ပြသသွားမယ်လို့ ဆိုပါတယ်။
ဒီသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဟာ မြန်မာ နိုင်ငံကို တောင်နဲ့မြောက် ပိုင်းလိုက် သလို ဖြစ်ပြီး ဧရာဝတီ မြစ်ဆုံဆည် ကိစ္စလိုပဲ အရေးကြီး တဲ့အတွက် အများ သိရှိအောင် ဓာတ်ပုံပြပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ ပြပွဲဦးဆောင်သူ ပဒေသာမိုး အရပ်ဖက် လူ့အဖွဲ့အစည်းက မဝေဝေလင်းက ပြောပါတယ်။
"ကျွန်မတို့ အန္တိမ မျှော်လင့်ချက် ကကျတော့ ဧရာဝတီ issueလိုပဲ တစ်နိုင်ငံလုံးက သိစေချင်တာ။ ဒါကျွန်မ တို့နိုင်ငံနဲ့ ဆိုင်တယ်။ ပိုက်လိုင်း ဖြတ်သွားတာ ရခိုင်ဒေသ တစ်ခု တည်း မဟုတ်ဘူး၊ အညာဒေသ အပူပိုင်း ဇုန်တစ်ခုတည်း မဟုတ်ဘူး။ ရှမ်းမြောက် တစ်ခုတည်း မဟုတ်ဘူး။ ဒါကြီးကို ခံစားရမှာက တစ်နိုင်ငံလုံးက ခံစားရမှာ ဆိုတာကို ပြောချင်တာ။ ပထမဆုံး လုံခြုံရေး စိတ်မချ ရဘူး။ အချုပ်အခြာ အာဏာကို ထိပါးနိုင်တယ်ပေါ့။ ဒီပိုက်လိုင်းကြီး လုပ်လိုက်တဲ့ အတွက် ဗမာပြည် အစိုးရ အတွက်တော့ ပိုက်ဆံရ တယ်ပေါ့။ ဒါပေမယ့် ကျွန်မတို့ဘယ်နေရာတွေအတွက်လဲ မသိဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လူတွေပါနိုင်အောင်လို့ အဲဒီလိုရှင့်"
သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဖြစ်သန်းရာ တလျှောက်မှာရှိတဲ့ မကွေး၊ မင်းဘူး၊ ငဖဲမြို့နယ်နဲ့ ရှမ်းပြည် ကျောက်မဲ၊ သီပေါ၊ နမ္မတူအပြင် ရခိုင်ပြည်နယ် က ဒေသခံ အယောက် ၂၀ လောက် ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို ပြသမှာ ဖြစ်ပါတယ်။
မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ၅ မီတာအနက်မှာ မြုပ်ရမယ်လို့ ဒေသခံတွေက သိထားကြပေမယ့်လက်တွေ့မှာ ၃ မီတာအနက်မှာပဲ မြုပ်ထားတဲ့အတွက် အန္တရာယ်ရှိတယ် ဆိုပြီးတော့ ဒေသခံတွေက ကြောက်နေကြတယ်လို့ သိရပါတယ်။
ဓါတ်ပုံပြပွဲမှာ ဒေသတွင်းက ဓါတ်ပုံသမားတွေအပါအ၀င်အခြားဓါတ်ပုံ ပညာရှင် ၁၀ ဦးခန့်ကလည်းပါဝင်ပြသကြမှာ ဖြစ်ပြီး စုစုပေါင်း ဓါတ်ပုံ ၁၀၀ လောက် ပြသသွားမယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment