Saturday, June 14, 2014

သန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါးကို ဆက်လက်ဖမ်းဆီးထား

အေးမြင့်စန်း၊ ကျော်စွာဝင်း

ခေါ်ယူထိန်းသိမ်းထားသည့် သံဃာတော်ငါးပါးကို တိုင်းသံဃနာယက်ရုံးတွင် ထိန်းသိမ်းထားသည်ဟု သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မဇ္ဈိမကို ပြောသည်။

ဇွန် ၁၁ ရက် မနက် ၁ နာရီတွင် မဟာသန္တိသုခကျောင်းတိုက်ကို သံဃာတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အတွင်းရှိ သံဃာတော် အပါး၂၀ ကို ထိန်းသိမ်းခဲ့ကြခြင်းဖြစ်သည်။

ထိန်းသိမ်းထားသည့် သံဃာတော်အပါး ၂၀ မှ ၁၅ ပါးကို မဟနဆရာတော်များက သြ၀ါဒပေးကာ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိသည့် သံဃာငါးပါးကို ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်ရှိ တိုင်းသံဃ နာယကရုံးတွင် ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်သည်။

ထိန်းသိမ်းထားသည့် သံဃာတော်ငါးပါးကို တိုင်းမဟနအဖွဲ့မှ သံဃာတော်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် သံဃာတော်များက စစ်ဆေးသွားမည်ဖြစ်သည်။ ဦးခိုင်အောင်က “ထိန်းသိမ်းထားတဲ့ သံဃာငါးပါးကို သာသနာတော် ညှိုးနွမ်းစေမှု ၂၀/ ၉၀ နဲ့ စွဲချက်တင်ထားတယ်။ သံဃာကို သံဃာကပဲ စစ်နေတာ၊ သာသနာရေးက စစ်တာ မဟုတ်ဘူး၊ လူပုဂ်္ဂိုလ်တွေက စစ်ဆေးခွင့်မရှိဘူး”ဟု ပြောသည်။

သာသနာကို ညှိုးနွမ်းစေသည့် အပြုအမူများရှိလာသည့် သံဃာတော်များကို စစ်ဆေးအရေးယူခြင်းသည် ရေရှည်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေးနှင့် သာသနာတော် သန့်ရှင်းရေးအတွက် မဟန၏ ပုံမှန် လုပ်ထုံးလုပ်နည်းများဖြစ်သည်ဟု ပြောသည်။

ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က “သာသနာသန့်ရှင်းဖို့လုပ်တာပဲ။ သံဃာထု ငါးသိန်းမျက်နှာနဲ့ အလုပ်လုပ်ကြမှာပဲလေ” ဟု ပြောသည်။ မဟာသန္တိသုခကျောင်းကို တိုင်းအစိုးရအဖွဲ့က ချိတ်ပိတ်ထားမည်ဖြစ်ပြီး ပီနန်ဆရာတော်ကြီးက ကျောင်းတိုက်ကိစ္စကို ဆွေးနွေးလိုပါက မဟန၊ သာသနာရေးဦးစီးဌာနနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးစေလိုသည်ဟု ပြောသည်။

ဇွန်လ ၁၁ ရက် မနက် ၁ နာရီအချိန်က ကျောင်းတိုက်ရှိ သံဃာတော်များအား ၀င်ရောက်ဖမ်းဆီးရန် ရွှေစင်စကြာယာဉ်လိုင်းမှ ယာဉ်များကို အသုံးပြုခဲ့သည့်အတွက် လူမှုကွန်ရက်အွန်လိုင်းတွင် ဝေဖန်မှုများရှိ နေခဲ့သည်။

ထိုဝေဖန်မှုများရှိနေသည့်အပေါ်တွင် ယာဉ်လိုင်းမှ တာဝန်ရှိသူတို့က မထသကို ပြန်လည်ရှင်းလင်းရန် တောင်းဆိုခဲ့ရာတွင် မထသမှ ဒုတိယဌာနခွဲမှူး ဦးမျိုးဝင်းက “အထက်က ဘုန်းကြီးတွေအတွက် အဲကွန်း ကောင်းကောင်းနဲ့ကား ခြောက်စီးတောင်းလို့ စီစဉ်ပေးတာပါ။ အဲဒီကိစ္စကို တကယ်မတွေးမိပါဘူး။ သိရင်လည်း ဘယ်ယာဉ်လိုင်းမှလည်း ပေးမှာ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုရင် ဒီယာဉ်လိုင်းက တံဆိပ်တွေ တပ်မလား”ဟု ပြောသည်။

မဟာသန္တိသုခကျောင်း ပြဿနာဖြစ်ပေါ်ခဲ့သည့် ဇွန်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က မထသ(ဗဟို)ဥက္ကဋ္ဌ ဗိုလ်ချုပ်လှအောင်၏ ဖုန်းဆက်အကြောင်းကြားခြင်းကြောင့် မထသအဝေးပြေးမှ အဲကွန်းပါဝင်သည့် ကား လေးစီး တောင်းဆိုသည့်အတွက် ရွှေစင်စကြာယာဉ်လိုင်းမှ စီစဉ်ပေးခဲ့ပြီး ညနေ ၃ နာရီတွင် နှစ်စီး ထပ်မံ တောင်းခံခဲ့သောကြောင့် တိုးရတနာယာဉ်လိုင်းမှ တစ်စီး၊ အောင်စစ်ခိုင်ယာဉ်လိုင်းမှ တစ်စီး ထပ်မံစီစဉ်ပေးခြင်းဟု မထသက ပြောသည်။

အဆိုပါ မော်တော်ယာဉ်ခြောက်စီးကို တိုင်းသံဃနာယက ကျောင်းရှေ့တွင် ည ၈ နာရီအရောက် ထားရှိ ပေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားခဲ့သည်ဟုလည်း မထသက ဆိုသည်။

No comments: