ဂျွန်ချစ်ငြိမ်း
ရှမ်းပြည်နယ် တစ်ခုလုံးအတွင်းရှိ စည်ပင်သာယာရေးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်း အင်ဂျင်နီယာ(၃) ရာထူးအတွက် လုပ်ငန်းခွင်သင်တန်းကို ဇွန် ၂ရက်မှ စတင်ကာ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပို့ချလျက်ရှိသည်ဟု ပြည်နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က မဇ္ဈိမကို ပြောသည်။
"လိုအပ်နေတဲ့ ဝန်ထမ်းနေရာတွေမှာ အင်ပြည့်အားပြည့်ရှိမှ အလုပ်လုပ်ဖို့အဆင်ပြေမယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ၊ ယန္တယားတွေမှာ လိုအပ်နေတဲ့ အငယ်တန်းအင်ဂျင်နီယာတွေအတွက် လုပ်ငန်းခွင် ဝင်နိုင်ဖို့ ခန့်အပ်သွားမှာ ဖြစ်ပြီး အစိုးရခွင့်ပြုချက်နဲ့ ခေါ်ယူခဲ့ခြင်းဖြစ်တယ်" ဟု ပြည်နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က ပြောသည်။
ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်း အင်ဂျင်နီယာ (၃) ရာထူးအတွက် ဝန်ထမ်းခေါ်ယူရေး လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းစာမှ တဆင့်လျှောက်လွာခေါ်ယူခဲ့ပြီး ရေးဖြေ၊ နှုတ်ဖြေ အောင်မြင်သူများထဲမှ (၁၃၅) ဦးကို ရွေးချယ်၍ သင်တန်းပေးနေခြင်းဖြစ်သည်။ သင်တန်းကာလမှာ ခြောက်လ ကြာမြင့်ပြီး သင်တန်းပြီးပါက အလုပ်ခွင်တန်းဝင်ရမည်ဖြစ်သည်။
လုပ်ငန်းခွင်ဝင်ရန် တက်ရောက်သင်ကြားနေကြသည့် သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦးသည် သင်တန်းပြီးဆုံးသွားပါက လုပ်ငန်းခွင်တွင် အငယ်တန်းအင်ဂျင်နီယာ(၃) အဖြစ် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနတွင် ခန့်အပ်ပေးသွားမည်ဟု လက်ထောက်ညွှန်မှူး ဦးကျော်မင်းထိုက် က ပြောသည်။
No comments:
Post a Comment