Saturday, June 7, 2014

ရထားရှေ့ဖြတ်မောင်းသော ဆိုင်ကယ်သမားကို မီးရထားဥပဒေဖြင့် အရေးယူ

ကျော်စိုးမိုး

ရထားလာ၍ ဂိတ်ပိတ်ထားသည်ကို ကျော်ပြီး ရထားရှေ့မှ ဖြတ်၍မောင်းနှင်သော ဆိုင်ကယ်ယာဉ်မောင်းကို မီးရထားဥပဒေဖြင့် အရေးယူသော ဖြစ်စဉ်တစ်ခု ဇွန်လ ၁ ရက်၊ နံနက် ၁၁ နာရီခွဲဝန်းကျင်ခန့်က အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာ အနီးမိုင်တိုင်အမှတ် ၁၅/ ၂.၃ ဂေါက် ကွင်းဂိတ်တွင် ရထားလာ၍ ဂိတ်ပိတ်ထားသည်ကို ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ် ကွက်၊ ယင်းမာလမ်းနေ အသက် ၄၂ နှစ် အရွယ် ဦးဇော်မင်းမောင်းနှင်လာသော Luojia အမျိုးအစား အနက်ရောင်ဆိုင်ကယ်သည် ရထားရှေ့မှ ဖြတ်ကျော် မောင်းနှင်ခဲ့သောကြောင့် ရထားစက်ခေါင်းနှင့် ဆိုင်ကယ်ဝင်ချိတ်မိခဲ့သဖြင့် ရထားမှာခေတ္တ ရပ်တန့်ခဲ့ရ သည်။

ဆိုင်ကယ်ယာဉ်မောင်း ဦးဇော်မင်းတွင် ယာဘက်နားဖူးရောင် ပေါက်ပြဲဒဏ်ရာနှင့် ၀ဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ တစ်ချက်စီ၊ ၀ဲဘက်ကျောကုန်းတွင်လည်း နာကျင်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်း များတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရထားလာနေစဉ် ရထားလမ်းကို ဖြတ်ကူးမောင်းနှင်သူ ဦးဇော်မင်းအား အရေးယူပေးပါရန် မြန်မာ့မီးရထားမှအငယ်တန်း အင်ဂျင်နီယာ အဆင့်(၃) ဦးရဲလင်း၏ တရားလိုပြု တိုင် တန်းမှုကို အင်းစိန်မြို့မရဲစခန်း (ပ) ၅၃၁/၁၄၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

ယခုနှစ် ဧပြီလဆန်းက မှော်ဘီမြို့နယ် အတွင်းရထားလမ်းပေါ်သို့ ခြေ၊ လက်များတင်၍ အိပ်နေသူ အမျိုး သားတစ်ဦးရထားကြိတ်မိသဖြင့် ခြေ၊ လက်များပြတ်သွားခဲ့ပြီး အဆိုပါအမျိုးသားကို ရထားဥပဒေဖြင့် အမှု ဖွင့်အရေးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့်မေလဆန်းကလည်း သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်းဘူတာအနီးတွင် အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး ရန်ကုန်-မော်လမြိုင်အမြန်ရထားပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး မေလအတွင်း ရထားတိုက်၍ သေဆုံးသူသုံးဦးထက်မနည်း ရှိခဲ့သည်။

No comments: