Saturday, June 14, 2014

ဆန်စက်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရန် နှင့် ဆန်တင်ပို့မှုမြှင့်တင်ရန် ကမ္ဘာ့ဘဏ်နှင့်အဖွဲ့တိုက်တွန်း

စည်သူအောင်

မြန်မာနိုင်ငံ၏ ဆန်စက်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်နှင့် ဆန်တင်ပို့မှုမြှင့်တင်ရန် ကမ္ဘာ့ဘဏ်နှင့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ ပူးတွဲရေးသားထားပြီး ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာသစ်တွင် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် ဆန်စပါးပြည်ပတင်ပို့မှုကို နှစ်ဆမြှင့်တင်နိုင်မည့် အလားအလာကောင်းများရှိနေရာ ထို သို့မြှင့်တင်နိုင်ရေးအတွက် ဆန်စပါးထုတ်လုပ်မှုကို တိုးမြှင့်သွားရန်၊ ဆန်စပါးကြိတ်ခွဲသည့် လုပ်ငန်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားရန်၊ ပြည်ပတင်ပို့ရာတွင် ကုန်ကျစရိတ်များကို လျှော့ချ သွားရန်တို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ပါက ကျေးလက်တွင် အဓိက နေထိုင်သည့် အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘ၀များကို မြှင့်တင်သွားနိုင်ကာ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဟု အစီရင်ခံစာသစ်တွင် သုံးသပ်ထားသည်။

လက်ရှိအစိုးရ၏ အဓိကဦးစားပေးလုပ်ငန်းများတွင် လယ်ယာထုတ်ကုန် တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဆန်စပါး ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေးသည် ထိပ်တန်းတွင် ပါဝင်နေသည်။၂၀၂၀ ပြည့်နှစ်တွင် ဆန်တန်ချိန် လေး သန်းအထိ တင်ပို့နိုင်ရန် ရည်မှန်းထားသော်လည်း ပြီးခဲ့သောနှစ်များအတွင်း အမှန်တကယ် တင်ပို့နိုင်မှု သည် တစ်နှစ်လျှင် ဆန်တန်ချိန် ၁ ဒသမ ၃သန်း ခန့်သာ ရှိသည်။

ထို့ပြင် လက်ရှိဆန်ပြည်ပတင်ပို့မှုသည် အရည်အသွေးနိမ့်သည့် ဆန်စပါးထုတ်လုပ်မှုများပေါ်တွင် အခြေခံ ထားပြီး အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချနေခြင်း ဖြစ်သည်။ထိုအခြေအနေ သည် တောင်သူများအတွက် အကျိုးအမြတ် အနည်းငယ်သာ ရရှိနိုင်ပြီး လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိရန် မဖြစ်နိုင်သကဲ့သို့ အရည်အသွေးနိမ့်ဆန်များကို ပြည်ပ၀ယ်လိုအား နည်းလာခြင်းကလည်း မြန်မာ့လယ်ယာကဏ္ဍ၏ အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဆန်စပါးပြည်ပတင်ပို့မှုကို တိုးတက်လာဖို့ အခွင့်အလမ်း တွေကို အသုံးချပြီး အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ ၀င်ငွေတိုးတက် ကောင်း မွန်လာအောင် ဆောင်ရွက်ဖို့ အချိန်ကောင်းဖြစ်ပါတယ်”ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ် စားလှယ် မစ္စတာ ခန်သန်ရှန်ကာ က ပြောသည်။

လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံသည် ဈေးကွက်များ တိုးချဲ့တင်ပို့နိုင်သည့် အလားအလာကောင်းများရှိ ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ ထိုဈေးကွက်များသို့ ထိုးဖောက်နိုင်ရန် အတားအဆီးများ ဖြစ် သည့် အထွက်နှုန်းနှင့် အရည်အသွေး နိမ့်ခြင်း၊ ဆန်စက်များ အလုံအလောက် မရှိခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ပြည်ပတင်ပို့ရာတွင် လုပ်ထုံးလုပ်နည်းနှင့် အခြေခံအဆောက်အအုံ ကုန်ကျစရိတ် များပြား ခြင့်းကို ကျော်လွှားနိုင်ရမည် ဖြစ်သည်။

No comments: