Saturday, June 7, 2014

ရန်ကင်းတွင် စားသောက်ဆိုင်ဝန်ထမ်း သတ်ခံရ၊ ကျူးလွန်သူ တိမ်းရှောင်နေဟုဆို

ကျော်စိုးမိုး

ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ၀န်ထမ်းတစ်ဦး သတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၃ရက် နံနက် ၁ နာရီခွဲဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ရန်ကင်းမြို့မရဲစခန်းမှ စခန်းမှူး ဒု- ရဲမှူးဇော်ဇော်က ပြောသည်။

အသတ်ခံရသူမှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ၊ ရန်ကင်းမြို့နယ် (၁၄) ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အကြော်ဆရာတစ်ဦးအဖြစ် လာရောက်အလုပ် လုပ်ကိုင်နေသော ၀န်ထမ်း တစ်ဦးဖြစ် ပြီး ၎င်း၏အလောင်းကို ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ ဇီးကွက်ဟိန္ဒူဘုရားကျောင်းရှေ့ ၌ ဦးခေါင်းဒဏ်ရာများဖြင့် တွေရှိခဲ့ခြင်း ဖြစ်သည်။

“ခေါင်းကို ၀ါးဆစ်ပိတ်တုတ်နဲ့ ရိုက်ခံရတဲ့အနေအထားပါ။ သက်သေခံပစ္စည်းကိုလဲ အခင်းဖြစ်ပွားတဲ့နေရာ မှာပဲ သိမ်းဆည်းရမိခဲ့ပါတယ်။ ကျွန်တော်တို့စစ်ဆေးချက်အရ အခုထွက်ပြေးနေတဲ့သူဟာ တရားခံဆိုတာ ကျိန်းသေပါတယ်။ အမြန်ဆုံးဖမ်းဆီးရမိအောင် ဆောင်ရွက်သွားမှာပါ”ဟု ဒု-ရဲမှူးဇော်ဇော်က ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟု ယူဆခံထားရသူမှာ ပဲခူးတိုင်း၊ ပြည်ခရိုင်ရှိကျေးရွာ တစ်ခုမှ ရန်ကင်းမြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အသက်၂၁နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်း၏ ဆွေမျိုးတော်စပ်သူများနှင့် ဆိုင်မှ သက်ဆိုင်သူများကို စစ် ဆေးလျက် ရှိသည်။

အသတ်ခံရသည့် အမျိုးသား အလုပ်လုပ်သည့်ဆိုင်မှ မန်နေဂျာက “အဲ့ဒီညက အလုပ်ချိန်ပြီးတော့ အရက် သောက်မယ်ဆို ပြီးထွက်သွားတာပဲ။ ကျွန်မတို့လည်း အလုပ်ချိန်အတွင်းမှာဖြစ်တာ မဟုတ်ဘူး ဆိုတော့ ဘာမှ မသိပါဘူး” ဟု ပြောသည်။ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရန်ကင်းမြို့မ ရဲစခန်းမှ (ပ) ၁၃၁/၂၀၁၄၊ ပြစ်မှုပုဒ် မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

ရန်ကင်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ခေါင်းဖြတ်လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းအမှုမှာ ရုံးချိန်း ခြောက်ကြိမ်ထက်မနည်း စစ်ဆေးခဲ့ပြီး နှစ်လကျော် ကြာပြီဖြစ်သော်လည်း စီရင်ချက် မချနိုင်သေး ပေ။

No comments: