ရေခဲ(ပြည်)
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ဂရိတ်ဝေါကုမ္ပဏီ ကြံစိုက်ခင်းများတွင် ထွန်တုံးတိုက်ပွဲဆင်နွှဲနေသည့် တောင်သူများက ကုမ္ပဏီပိုင်ကြံခင်းများကို ဆယ့်ခြောက်ရက်အတွင်း ဖျက်သိမ်းပေးရန် ဇွန်လ၁၃ရက်က သတိပေး အကြောင်းကြားစာ ပေးပို့ထားသည်ဟု ထွန်တုံးတိုက်ရာတွင် ပါဝင်သည့် လယ်သမား ကိုခင်မောင်ဌေးကပြောသည်။
"တစ်ရွာလုံးမှာရှိတဲ့ လူတွေ လက်မှတ်နဲ့ ဆယ့်ခြောက်ရက်အတွင်း ကြံတွေဖျက်သိမ်းပေးဖို့ နို့တစ်စာပို့ထားတယ်။ ကြံစိုက်တဲ့ကုမ္ပဏီ ပိုင်ရှင်ဆီကို တောင်သူတွေကိုယ်တိုင် သွားပို့တယ်။ သတ်မှတ်ရက်ပြည့်လို့ အကြောင်းပြန်မကြားရင် တောင်သူတွေ မြေတက်သိမ်းမယ်"ဟု ထွန်တုံးတိုက် ရာတွင်ပါဝင်သည့် လယ်သမား ကိုခင်မောင်ဌေးက ပြောသည်။
စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာ ဂရိတ်ဝေါကုမ္ပဏီ ကြံစိုက်ခင်းများတွင် ဇွန်လ ၆ရက်မှစ၍ တောင်သူတစ်ထောင်ကျော်က နွားအရှည်း(၉ဝ)ကျော်ဖြင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲလျှက်ရှိသည်။ ထွန်တုံးတိုက်တောင်သူများသည် ခုနှစ်ရက်မြောက်သည့် ဇွန်လ(၁၃)ရက်တွင် ကြံစိုက်ခင်းများကို ဖယ်ရှားပေးရန် အကြောင်းကြားစာ ပို့ခြင်းဖြစ်သည်။
အကြောင်းကြားစာပေးပို့ခြင်း နှင့် ပတ်သတ်ပြီး ဂရိတ်ဝေါကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူဆိုသူအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ကျွန်တော် အပြင်ရောက်နေလို့ခင်ဗျ" ဟု ပြောကာ ဖုန်းချသွားပြီး ထပ်မံဆက်သွယ်သော်လည်း ဖုန်းမကိုင်ဘဲ နောက်ပိုင်းတွင် ဆက်ပိတ်လိုက်သဖြင့် ဆက်သွယ်မရတော့ပေ။
ထွန်တုံးတိုက်တောင်သူများသည် ဇွန် ၁ဝရက်က ဂရိတ်ဝေါကုမ္ပဏီပိုင် ကြံစိုက်ခင်းတွင် "ဓမ္မဦးချတောင်သူများ ပိုင်မြေဧကပေါ်ကို မည်သူမျှမကျူးကျော်ရ" ဟူသော ဆိုင်းဘုတ်တစ်ခု စိုက်ထူခဲ့သည်။ ထွန်တုံးတိုက်သည့်အချိန်တွင် ဂရိတ်ဝေါကုမ္ပဏီဝန်ထမ်းများ စိုက်ခင်းမှ စွန့်ခွာထွက်ပြေးကြကြောင်းလည်း ထွန်တုံးတိုက်တောင်သူများက ပြောသည်။
ယင်းကြံစိုက်ခင်းများသည် ၁၉၇၂ခုနှစ်မှ ၁၉၉၅ခုနှစ်အတွင်း မန္တလေးနန်းတွင်းစစ်တပ် အမှတ်(၁၂၁) ထောက်ပံ့ နှင့် ပို့ဆောင်ရေးမှ တပ်တွင်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ရန် ညောင်ဝန်းကျေးရွာ နှင့် ငွေတောင်ကျေးရွာမှ လယ်ယာမြေ(၃ဝ၆၂.၄၃)ဧကကို သိမ်းယူခဲ့သည်။ ၁၉၉၅ခုနှစ်တွင် စစ်တပ်က ဂရိတ်ဝေါကုမ္ပဏီအား လယ်ယာမြေများလွှဲပြောင်းပေးခဲ့ပြီး ကုမ္ပဏီက ကြံပင်များစိုက်ပျိုးခဲ့ကြောင်း ထွန်တုံးတိုက်တောင်သူများကပြောသည်။
No comments:
Post a Comment