ခင်မြတ်မြတ်ဝေ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(SNLD)က ထောက်ခံအားပေးပြီး ပါတီဝင်များကိုလည်း ယင်းပုဒ်မ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးရန် စည်းရုံးပေးမှုကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဇွန်လ ၁၂ရက်က ထုတ်ပြန်လိုက်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ရှမ်းပြည်နယ်ရှိ ၄၁မြို့နယ်တွင် ၃၅မြို့နယ်ကို လက်မှတ်ရေးထိုးရန် မေလ ၂၇ရက်က စတင်ကာ တိုက်တွန်း အကြောင်းကြားပြီးဖြစ်သည်ဟု SNLD၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက မဇ္ဈိမကို ပြောသည်။
"ကျွန်တော့်အနေနဲ့ ဒီ၄၃၆ ပြင်ဖို့အတွက်ကို ဖုန်းတွေနဲ့ ညွှန်ကြားတယ်။ အီးမေးလ်နဲ့ ဆက်သွယ်ထားတယ်။ ၄၃၆ ပြင်ဖို့အတွက်ကို ပူးပေါင်းတာတော့ မဟုတ်ဘူး။ ၄၃၆ပြင်ဖို့ကို ထောက်ခံတဲ့သဘော"ဟု ဦးခွန်ထွန်းဦးက ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ အကြောင်းကြားရန် ကျန်ရှိနေသည့် မိုင်းရှူး၊ မိုင်းတုံ၊ မိုင်းပြင်းအပါအဝင် မြို့နယ် ခြောက်ခုကိုမူ သွားရေးလာရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် တိုက်တွန်းမှု မလုပ်ရသေးသော်လည်း ဆက်လက် အကြောင်းကြားသွားမည်ဟု ဆိုသည်။
ပုဒ်မ ၄၃၆ပြင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ဆောင်ရွက် နေပြီး မေလ ၂၇ရက်မှ ဇူလိုင်လ ၁၉ရက်အထိ ယင်းပုဒ်မကို ကန့်ကွက်ကြောင်း လက်မှတ်များ ကောက်ခံလျက်ရှိသည်။
No comments:
Post a Comment