ကိုတိုးကြီး
တရားမ၀င် တမလန်းသစ်များ သယ်ဆောင်လာသည့် ကားတစ်စီးကို ယာကြီး-မုံရွာ ကားလမ်း ချင်းတွင်းမြစ်ကူးတံတား တန်ပိုဂိတ်တွင် မေလ ၂၈ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိထားကြောင်း မုံရွာခရိုင်၊ မှုခင်း အထူးနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်က ပြောသည်။
နိုင်ငံခြားဈေးကွက်ဝင် တမလန်းသစ်များကို တရားမ၀င် ခိုးထုတ်ရောင်းချမှု များပြားလာသည့် အတွက် စီမံချက်ချကာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဖမ်းဆီးနေသည် ဆိုသော်လည်း တရားမ၀င် သယ်ဆောင်သူ များရှိနေဆဲဟု ၎င်းက ဆက်ပြောသည်။
မေလ ၂၈ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် မြေပဲသီးအခွံအိတ်များဖြင့် ဖုံးအုပ်ကာ တမလန်းသစ်တုံး ၁၇တုံး၊ တန်ချိန် ၁ ဒသမ ၅၀၆၂ ကို စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယာကြီးကျေးရွာမှ မုံရွာ မြို့သို့ ကင်တာခြောက်ဘီး အမျိုးအစားဖြင့် သယ်ဆောင်လာစဉ် ချင်းတွင်းမြစ်ကူး တံတားအနီးရှိ တန်ပိုဘီးခွန် ဂိတ်တွင် ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တမလန်းသစ်များ သယ်ဆောင်လာသည့် ယာဉ်ကို မောင်းနှင်လာသူ ကိုဇော်မင်းလေးနှင့် ယာဉ် နောက်လိုက် ကျော်မောင်ဦးတို့၏ ထွက်ဆိုချက်များအရ ၎င်းသစ်များသည် ကနီမြို့နယ်၊ ယာကြီး ကျေးရွာ နေ ဦးသိန်းနိုင်ဆိုသူ၏ သစ်များဖြစ်ကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင် တမလန်းသစ်များ သယ်ဆောင်သူများအား တရားဥပဒေအရ အရေးယူပေးရန် မုံရွာခရိုင်မှုခင်း (အထူး)နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်က တရားလိုပြု တိုင်တန်းခဲ့ရာ မုံရွာမြို့မ ရဲ စခန်းက (ပ)၁၉၀/ ၂၀၁၄၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက် ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူထားသည်။
စစ်ကိုင်းတိုင်းအတွင်းမှ တမလန်းသစ်များ ခိုးထုတ်နေမှုကို ထိရောက်စွာ ဖော်ထုတ် အရေးယူသွားရန် တိုင်းအစိုးရအဖွဲ့မှ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ စီမံချက်ဖြင့် ဖမ်းဆီးလျက်ရှိရာ မေလအတွင်း သစ် များ သယ်ဆောင်လာသည့် ကား ငါးစီးနှင့်အတူ တမလန်းသစ်တန်ချိန် ၂၀ ကျော် ဖမ်းဆီးရမိထားသည်။
No comments:
Post a Comment