ရေခဲ (ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇွန်လ ၂ရက် နံနက်က ကျောင်းစင်္ကြန်လမ်း ပြိုကျရာမှ ကျောင်းသား/သူ ၁၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု သဲကုန်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။
“ကျောင်းသားတွေ အတန်းထဲ ဝင်လာတဲ့အချိန် စင်္ကြန်လမ်းယက်မ မခိုင်တော့ တအိအိနဲ့ ပြုတ်ကျသွားတယ်” ဟု လက်ထောက် မြို့နယ်ပညာရေးမှူး ဦးအေးလွင်ကပြောသည်။
ထိုနေ့နံနက် ၈နာရီ အချိန်က ပုတီးကုန်းအထက်တန်းကျောင်း ပတ္တမြားဆောင်အပေါ်ထပ် စင်္ကြန်လမ်းရှိ အဋ္ဌမတန်း(D) ရှေ့ ဝရန်တာပြိုကျ သဖြင့် အတန်းထဲဝင်မည့် ၈တန်း ကျောင်းသားများ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြုတ်ကျသွားသဖြင့် ဒဏ်ရာရရှိသည့် ကျောင်းသား/ကျောင်းသူ ၁၇ဦးထဲမှ ၉ဦးမှာ ပုတီးကုန်း ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပြီး ၈ဦးမှာ အပြင်လူနာ(၈)ဦးဆေးကုသမှုခံယူခဲ့သည်။ အတွင်းလူနာအဖြစ် ကုသနေရသည့်အထဲမှ မသဲပုံချစ်ကိုမူ ထိုနေ့၌ပင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။
ရန်ကုန်သို့ ပို့ဆောင်လိုက်ရသည့် မသဲပုံချစ်မှာ ခါးဆစ်ကျိုးဒဏ်ရာဖြစ်ပြီး ကျန်အတွင်းလူနာများမှာ လက်ကျိုးသူတစ်ဦး၊ လက်ဆစ်ယောင်သူတစ်ဦး နှင့် ပွန်းပဲ့ဒဏ်ရာများသာ ဖြစ်သည်ဟု ပုတီးကုန်းဆေးရုံက တာဝန်ကျဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
အတွင်းလူနာဖြစ်နေသူ မောင်ကျော်ဇင်ခန့်မှာ သတင်းရေးချိန် ဇွန်လ ၂ရက် ညနေ ၆နာရီခန့်အထိ ဒဏ်ရာမသက်သာသေးဘဲ မထိုင်နိုင်သေးကြောင်း ကျောင်းသားမိဘ တစ်ဦးကပြောသည်။
“အဆုတ်ဘက်ကျောကုန်းက အောင့်တယ်လို့ပြောတယ်။ မထိုင်နိုင်သေးဘူး။ အသက်ရှူရင်အောင့်တယ်လို့ ပြောတယ်”ဟု ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။
ယခုပြိုကျခဲ့သည့် ပုတီးကုန်း အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်ကို ၁၉၅၂ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ထပ်ပတ်ကား ကျောင်းဆောင် ဖြစ်သည်။ ပုတီးကုန်း အခြေခံပညာအထက်တန်း ကျောင်းတွင်မူလတန်းမှ အထက်တန်းအထိ ကျောင်းသား/သူ ၁၄၉၉ဦး ပညာသင်ကြားနေသည်။
No comments:
Post a Comment