မျိုးသန့်
၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ကောက်ယူခြင်းကို မေ ၂၇ရက်မှ ဇူလိုင် ၁၉ရက်အထိ ကောက်ခံသွားမည်ဖြစ်ရာ လက်ရှိအချိန်အထိ မန္တလေး ငါးမြို့နယ်တွင် တစ်ရက်လျှင် လူဦးရေ တစ်သောင်းကျော် လာရောက်လက်မှတ်ထိုးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကိုက ဆိုသည်။
လက်မှတ်ကောက်ယူခြင်းကို စနစ်တကျ ထုတ်ပြန်ထားပြီးဖြစ်သဖြင့် လက်မှတ်ကောက်ခံခြင်းနှင့် ကိစ္စမှန်၊ မမှန်နှင့် ဖြစ်ပွားလာသော ပြဿာနာများအား သက်ဆိုင်ရာမြို့နယ် အမှုဆောင်များက တာဝန်ယူရမည်ဟု ဦးတင်ကိုကို ဇွန် ၂ရက်က မဇ္ဈိမကိုပြောသည်။
အဆိုပါ လက်မှတ်ကောက်ခံရာတွင် ကုန်ပစ္စည်းကြေငြာဝေသကဲ့သို့ လုပ်ဆောင်မှုများလည်း ရှိနေကြောင်း မျက်မြင်သက်သေများက ပြောသည်။
“ဇွန်၁ရက်နေ့ ညပိုင်းက ၇၃လမ်း၃၃၊ ၃၄လမ်းကြားမှာ ပုဒ်မ ၄၃၆ ဖျက်သိမ်းရန် အတွက် လက်မှတ်ကောက်ယူဖို့အတွက် လုပ်ဆောင်နေရာမှာ ကုန်ပစ္စည်း ကြေငြာလက်ကမ်းစာစောင်သလို အတင်း လုပ်ဆောင်နေတာမျိုး တွေ့ရတယ်၊ အဲဒါလုံးဝမဖြစ်သင့်ပါဘူး” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။
အသံချဲ့စက်များဖွင့်ခြင်း၊ ရွှေ့လျားလက်မှတ်ထိုးကောက်ခံခြင်း၊ တစ်အိမ်တက်ဆင်း လက်မှတ်ကောက်ခံခြင်း နှင့် ပက်သက်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မလုပ်ဆောင်ရန် ညွှန်ကြားထားသော်လည်း ကောက်ခံရာတွင် ခြွင်းချက်အနေဖြင့် သက်ကြီးရွယ်အိုများ၊ ခန္ဓာကိုယ် မသန်စွမ်းသူများ လက်မှတ်ထိုးရန် ဆန္ဒရှိပါက ရွှေ့လျားစနစ်ဖြင့် သွားရောက်နိုင်သည်ဟု ပြောကြားချက်ရှိကြောင်း တိုင်းသတင်းပြန်ကြားရေးမှ ဦစိန်လှအောင်က ပြောသည်။
“အသံချဲ့စက်နဲ့ဖွင့်တာကိုတော့ သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးမှူးကို အသိပေးထားတယ်၊ ဒါ့အပြင် လက်မှတ်ကောက်ခံရာမှာ လမ်းပေါ်ထိ လက်ကမ်းစာစောင် ဝေသလို လုပ်ဆောင်နေတာတွေကတော့ ကျွန်တော်တို့ဘက်က မူအတိုင်းနဲ့နေတာတော့ နေတာပေါ့ဗျာ ဒါပေမယ့် သိပ်တက်ကြွလာတဲ့အခါမှာ ကျွန်တော်တို့ကလည်း မူတွေဘာတွေ ဘယ်လိုလုပ်ပြောတော့မလဲ ကျန်တာတွေတော့ နောက်မှရှင်းတာပေါ့ ” ဟု ယင်းက ဆက်လက်ပြောသည်။
No comments:
Post a Comment