ဂျွန်ချစ်ငြိမ်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်း သတ္တုတွင်း တူးဖော် လုပ်ကိုင်နေသည့် GPS Joint Venture Co.ltdမှ တရုတ်နိုင်ငံသား ၁၃ ဦးနှင့် မြန်မာဝန်ထမ်းတစ်ဦးကို မေ ၂၉ ရက်တွင် ကလောမြို့နယ်၊ မြို့နယ် တရားရုံးက ဗီဇာ စည်းကမ်းဖောက်ဖျက်မှုဖြင့် ဒဏ်ငွေကျပ်နှစ်သိန်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်သည်ဟု တရားလို တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနမှ လက်ထောက်ညွန်မှူး ဦးရဲနောင်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
တစ်ဦးလျင် ဒဏ်ငွေကျပ်နှစ်သိန်းစီ ပေးဆောင်စေရန်နှင့် မပေးဆောင်နိုင်ပါက ထောက်ဒဏ် ၆လ ကျခံစေရန် ကလောမြို့နယ် တရားသူကြီး ဒေါ်ပြုံးပြုံးကြည်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
"ဒဏ်ငွေတင်မဟုတ်ပါဘူး ဒီတရုတ်နိုင်ငံသား (၁၃) ဦးကို ပြည်နှင်ဒဏ်ပေးဖို့ ကျွန်တော်တို့ ရုံးချုပ်ကို တင်သွားမယ်၊ ပြီးလို့ရှိရင် အမည်ပျက်စာရင်း သွင်းသွားမှာဖြစ်တယ်"ဟု တောင်ကြီးခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနမှ လက်ထောက်ညွန်မှူး ဦးရဲနောင် က ပြောသည်။
ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်း သတ္တုတွင်းတူးဖော်လုပ်ကိုင်နေသည့် GPS Joint Venture Co.ltd အား ရှမ်းပြည်နယ် လဝက နှင့် ခရိုင် လဝက ဦးစီးအဖွဲ့တို့မှ မေ ၂၅ ရက်က သွားရောက်စစ်ဆေးစဉ်က အဆိုပါ တရုတ်နိုင်ငံသား ၁၃ဦးသည် ဗီဇာများ ကိုင်ဆောင်ထားသော်လည်း သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်အတွင်း ရောက်ရှိနေသည့်အတွက် ဗီဇာ စည်းကမ်းဖောက်ဖျက်မှု လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရခြင်းဖြစ်သည်။
ယင်းအပြင် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြု ချက်မရရှိဘဲ လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၁ဦးကို လက်ခံထားရှိသည့် ကုမ္ပဏီတာဝန်ခံ ဦးစိုင်းကျော်မြင့်ကို သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်မှု နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မ ၅(၁) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒဏ်ငွေ စုစုပေါင်း ၂၈သိန်းကို ကလောမြို့နယ် တရားရုံးမှ နိုင်ငံတော် ဘဏ္ဍာအဖြစ် သတ်မှတ်သွားမည် ဖြစ်သည်ဟု တောင်ကြီးခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ လက်ထောက်ညွန်မှူး ဦးရဲနောင်က ပြောသည်။
Top ten Star နှင့် GPS Joint Venture Co.ltdအစရှိသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးများအပါအဝင် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင်း သတ္တုတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၆ ခုခန့်ရှိသည်။
No comments:
Post a Comment