Thursday, June 5, 2014

အင်န်အယ်လ်ဒီ ကြေညာချက် တရားဝင် ပြန်စာအဖြစ် မသတ်မှတ်နိုင်ဟု ကော်မရှင်ဆို

ဟိန်းကိုစိုး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးထားမှုအပေါ် ပြန်လည်တုံ့ပြန်သည့် NLD ၏ ကြေညာချက်ကို တရားဝင်အကြောင်းပြန်စာအဖြစ် မသတ်မှတ်နိုင်ဟု ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇွန်လ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ပါတီက ပြန်ဖြေရှင်းတဲ့စာ အခုထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့ ပို့တုန်းက ဥက္ကဋ္ဌဆီကို လိပ်မူပို့ထားသလိုပဲ ကျွန်တော်တို့ဆီကိုလည်း အကြောင်းပြန်စာကို လိပ်မူပို့ရပါမယ်။ သူတို့ ကြေညာချက်ထုတ်တယ်လို့တော့ ကြားတယ်၊ အဲဒီဟာ ပို့တာဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှလုပ်လို့ မရပါဘူး။ကြေညာချက်ဆိုတာက ကိုယ်စိတ်ထဲရှိတာကို ပြောဆိုရေးသားတဲ့ အရာပါ” ဟု မဇ္ဈိမကိုပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံရန် တပ်မတော်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်း ပြောဆိုမှုများသည် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ အခြေခံဥပဒေတို့နှင့် ညီညွတ်ခြင်းမရှိဟု မေ ၂၂ ရက်က NLD သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့သည်။

မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စိန်ခေါ်သည်ဟူသော အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည် မသုံးခဲ့ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဇွန် ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းတွင် ကော်မရှင်၏လုပ်ရပ်သည် ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းမရှိသည့်ကိစ္စကို ကိုင်တွယ်ခြင်းသာဖြစ်သည်ဟုလည်း ပါဝင်သည်။

NLD ပါတီရုံးချုပ်၊ ရုံးအဖွဲ့မှူး ဦးသိန်းဦးကမူ ယင်းနေ့၌ပင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ လိပ်မူ၍ ပေးပို့ပြီး ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။ သို့သော် ဇွန် ၃ ရက် ညနေ ၄ နာရီအထိ မည်သည့် စာမျှ လက်ခံရရှိထားခြင်း မရှိဟု ကော်မရှင်က ဆိုသည်။

No comments: