Sunday, June 22, 2014

အသေးစားနှင့် အလတ်စားလုပ်ငန်းဥပဒေ ၂၀၁၄ ခုနှစ် တတိယသုံးလပတ်တွင် အပြီးသတ်ပြဋ္ဌာန်းနိုင်မည်ဟုဆို

ထင်လင်းအောင်

အသေးစားနှင့် အလတ်စားလုပ်ငန်းများဥပဒေ (SMEs Law) ကို ယခု ၂၀၁၄ ခုနှစ် တတိယသုံးလပတ်အတွင်း အပြီးသတ် ပြဋ္ဌာန်းနိုင်မည်ဟု အသေးစားနှင့် အလတ်စားလုပ်ငန်းဖွံ့ဖြိုးရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက မဇ်္ဈိမကို ဇွန်လ ၁၉ ရက်တွင် ပြောသည်။

အဆိုပါ SMEs Law ကို ယခုကျင်းပနေသည့် ဒသမအကြိမ်လွှတ်တော်တွင် အပြီးသတ်နိုင်ရန်ဆောင် ရွက်နေရာ ပြီး ပြတ်နိုင်ခြင်း မရှိပါက ထပ်မံကျင်းပမည့် ဧကဒသမအကြိမ် (၁၁ကြိမ်မြောက်)လွှတ်တော် အစည်းအဝေးတွင် အမှန်တကယ် အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ဆိုသည်။

ဒေါ်အေးအေးဝင်းက “ ပြည်သူ့လွှတ်တော်က ဒီဥပဒေနဲ့ပတ်သက်လို့ လိုအပ်တဲ့ မေးမြန်းမှုတွေကို ကျွန်မ တို့နဲ့ SMEs ဗဟိုဌာနတို့ လေးကြိမ်လောက်ဆွေးနွေးပြီး ပြီးပြတ်သွားပါပြီ ” ဟုပြောသည်။

စီးပွားရေးလုပ်ငန်းရှင်ဦးနေလင်းဇင်က “ အသေးစား၊ အလတ်စားဆိုတာတွေကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားတယ်ဆိုတာ တိတိကျကျထွက်လာမှ အဆင်ပြေမယ် ” ဟု ထောက်ပြပြောဆိုသည်။

အဆိုပါ SMEs ဥပဒေတွင် (နောက်ဆုံးမူကြမ်းအဆင့်)SMEs လုပ်ငန်းများ၏ အဓိပ္ပာယ်သတ်မှတ်ချက်တွင် စက်မှုနှင့်အခြားထုတ်ကုန်လုပ်ငန်းများဖြစ်ပါက လုပ်သား ၅၀ ဦးနှင့် ရင်းနှီးမတည်ငွေ ကျပ်သန်း ၅၀၀ အောက်ကို အသေးစားလုပ်ငန်းနှင့် လုပ်သား ၅၁ ဦးမှ ၃၀၀ ဦး အထိနှင့် ရင်းနှီးမတည်ငွေ ကျပ် ၅၀၁ သန်းနှင့် သန်း ၁,၀၀၀ အထိကို အလတ်စားလုပ်ငန်းအဖြစ်သတ်မှတ်ထားသည်။

ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်း ဖြစ်ပါက လုပ်သား ၃၀ ဦးနှင့် မတည်ငွေ ကျပ်သန်း ၂၀၀ အောက်ကို အသေးစားလုပ်ငန်းနှင့် လုပ်သား ၃၁ ဦးမှ ၂၀၀ဦး အထိနှင့် မတည်ငွေ ကျပ် ၂၀၁ သန်းမှ ကျပ်သန်း ၁,၀၀၀ အထိကို အလတ်စားလုပ် ငန်းများအဖြစ် သတ်မှတ်ထားသည်။

သို့ရာတွင် လုပ်သားအင်အားကိုသာ အဓိကအားထားရသော ကုန်ထုတ်လုပ်ငန်းနှင့် CMP (လက်ခစား) လုပ်ငန်းများဖြစ်ပါက လုပ်သားဦးရေ ၃၀၀ အောက်နှင့် မတည်ငွေကျပ်သန်း ၅၀၀ အောက်ကို အသေးစား လုပ်ငန်းနှင့်လုပ်သား ၃၀၁ ဦး မှ ၆၀၀ ဦးအထိ မတည်ငွေ ကျပ် ၅၀၁ သန်းမှ ကျပ်သန်း ၁၀၀၀ အထိကို အလတ်စားအဖြစ် သတ်မှတ်ထားသည်။

သို့ဖြစ်ရာ သတ်မှတ်ထားသော လုပ်သားဦးရေနှင့် မတည်ငွေထက် ကျော်လွန်သောလုပ်ငန်းများမှာ (ပြည် တွင်းအခြေ အနေအရ) အကြီးစားလုပ်ငန်းများအဖြစ် သတ်မှတ်ချက်တွင် ပါဝင်မည်ဖြစ်သည်။

အသေးစားနှင့်အလတ်စားလုပ်ငန်း သတ်မှတ်ချက်များကို မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် ပုဂ္ဂလိကစက်မှု လုပ်ငန်းဥပဒေ ဖြင့်သတ်မှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့်၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ခဲ့သည်။

No comments: