ရေခဲ(ပြည်)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲပြုလုပ်ရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက်ရှိ လေးထပ်ပြင်ဂေါက်ကွင်း နေရာကို တရားဝင် ခွင့်ပြုမိန့် မကျသေးသော်လည်း ဇွန်လ၂၅ရက်မှစ၍ ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
"မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့တော့ ဦးစီးမှူးနဲ့ပဲ တွေ့ခဲ့ရတယ်။ သူတို့အနေနဲ့ ကန့်ကွက်စရာမရှိပါဘူး။ တိုင်းကို ဆက်လက်တင်ပြလိုက်မယ် လို့ပြောတယ်။ ခွင့်ပြုခြင်း မပြု ခြင်းက အစိုးရတာဝန်။ ပါတီက ဒါကိုဆက်လုပ်သွားမယ်။ ဒီကနေ့ကစပြီး ပြင်ဆင်မှုတွေလုပ်နေပြီ" ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ဆိုသည်။
ဇွန်လ၂၅ ရက်တွင် NLDပါတီ နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လူငယ် ၂၅ဦးခန့်က ကွင်းပြင်ဆင်မှုများဆောင်ရွက်လျှက်ရှိပြီး ဇွန်လ၂၉ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်ဦးနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လာရောက်ဟောပြောမည်ဖြစ်သည်။
ဟောပြောပွဲပြုလုပ်ရန်အတွက် အထက(၁)ကျောင်း လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ဇွန်လ၁၀ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခွင့်ပြုမိန့်တောင်းခံခဲ့ရာ လိုအပ်ချက်များရှိနေသဖြင့် ထပ်မံတင်ပြရန် အကြောင်းကြားခဲ့၍ ထပ်မံတင်သော်လည်း မရသဖြင့် ရတနာမာန်အောင် ရပ်ကွက်ရှိ လေးထပ်ပြင် ဂေါက်ကွင်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment