သီဟကိုကို
ရန်ကုန်မြို့တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး (Large Tax Office) ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံ တစ်ဝန်းတွင် အလယ်အလတ်အဆင့် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (Medium Tax Office) ကို သုံးရုံးမှ ငါးရုံးအထိ ဖွင့်သွားမည်ဟု အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ ညွှန်ကြားရေးမှူး ဦးဇေယျကြည်ညွန့်က ပြောသည်။
လက်ရှိ မြို့နယ်အခွန်ရုံးများကိုလည်း အခွန်ထမ်းငယ်များဆိုင်ရာ အခွန်ရုံး (Small Tax Office)အဖြစ်ဆက် လက် အသွင်ပြောင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ အခွန်ရုံးများတွင် ကျင့်သုံးဆောင်ရွက်နေသည့် အခွန်ရုံးမှ အခွန်ထမ်းကို စည်းကြပ်သည့် Official Assessment System (OAS) စနစ်မှ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အခွန်ထမ်း ကိုယ်တိုင် မိမိပေးဆောင်ရမည့် ၀င်ငွေခွန်ကို ကိုယ်တိုင်တွက်ချက်ပေးဆောင်ရမည့်စနစ် Self Assessment System (SAS) စနစ်ကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် စတင်ကျင့်သုံးလျက် ရှိသည်။
ယင်း SAS စနစ်ကို အလယ်အလတ်အဆင့် အခွန်ထမ်းနှင့် အခွန်ထမ်းငယ်များတွင်လည်း ကျင့်သုံးဆောင် ရွက်နိုင်ရန် အလယ်အလတ်အဆင့် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးနှင့် အခွန်ထမ်းငယ်များဆိုင်ရာ အခွန် ရုံးများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်ဖွင့်လှစ်မည် ဖြစ်သည်။
ဦးဇေယျကြည်ညွန့်က “ အခွန်ရုံးတွေကို အခွန်ထမ်း အမျိုးအစားအလိုက်ခွဲခြားပြီး လုပ်ငန်းအဆင့် အခြေခံ ဖွဲ့စည်းတဲ့ ရုံးတွေအဖြစ် အသွင်ကူးပြောင်းဖွဲ့စည်းတာပဲ ဖြစ်တယ်။ ဒါကလည်း ပြောင်းသင့် ပြောင်းထိုက် လို့ ပြောင်းလဲတဲ့ အပြောင်အလဲတစ်ခု ဖြစ်ပါတယ်။ စိုးရိပ်စရာတော့ မရှိပါဘူး။ ကျွန်တော်တို့ဘက်ကနေ အခွန်ထမ်းကို အချိန်နဲ့အမျှဆက်သွယ်ပြီး ဘယ်လိုဆောင်ရွက်ဖို့တွေ၊ ပုံစံတွေကို ရှင်းလင်းဆောင်ရွက်မယ်။ အကြံပေး ရှင်းလင်းသွားမှာပါ။ အခွန်ရှောင်နည်း ပေးမှာ မဟုတ်ပါဘူး ” ဟု ပြောသည်။
IMF၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB၊ အမေရိကန်ငွေကြေး အဖွဲ့အစည်းဖြစ်သည့် ITIC တို့မှ မြန်မာနိုင်ငံတွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် ကျင့်သုံးမည့် SAS စနစ်အောင်မြင်ရန် လိုအပ် သည့် နည်းပညာအကူအညီများ ပေးလျက်ရှိပြီး အမေရိကန်အခွန်ဆိုင်ရာအဖွဲ့အစည်းမှ ပညာရှင်တစ်ဦးက အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် နှစ်နှစ်တာ အကြံပေးအဖြစ် ကြီးကြပ်ပေးမည် ဖြစ်သည်။
SAS စနစ် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အခွန်ထမ်းများတွင် လုံးဝ မရှိသေးသည့် အခွန်ထမ်းမှတ်ပုံ တင်အမှတ် (Tax Payer Identification Number) ကို မဖြစ်မနေ သတ်မှတ် ဆောင်ရွက်ရမည် ဖြစ်ပြီး အခွန်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ နောက်တစ်ဆင့်အဖြစ် အခွန်ထမ်းများ၏ သတင်းအချက် အလက်များကို စုစည်းထားမည့် Data Center ကို နေပြည်တော် ပြည်တွင်းအခွန်များဦးစီး ဌာနရုံးချုပ်တွင် တည်ထောင်သွားမည် ဖြစ်သည်။
လက်ရှိအချိန်တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် သုံးနှစ်ဆက်တိုက် အခွန်အများဆုံးထမ်းဆောင် ထားသူ ၁၃၀ ဦး၊ နိုင်ငံခြားကုမ္ပဏီများ၊ ကုမ္ပဏီအုပ်စုကြီးများ၊ အခြားစီးပွားရေး လုပ်ငန်းကြီးများသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ မိမိပေးဆောင်ရမည့် ကျသင့်အခွန်ကို ကိုယ်တိုင် တွက်ချက်ပေးဆောင် ရမည် ဖြစ်သည်။
No comments:
Post a Comment