ကန္တာရ၀တီတိုင်း(မ်)
ထိုင်း-မြန်မာနယ်စပ် ရှိ ကရင်နီ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော ကရင်နီဒုက္ခသည်များ ပြန်လည်အခြေချနေထိုင်ရမည့် သံလွင်အရှေ့ဘက်ခြမ်းဒေသမှ ကျွန်းသစ်တွေကို အခွန်မဆောင်ပဲ ခုတ်ယူရောင်းချနေသည့်အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (knpp) တပ်များက ဖမ်းဆီးစစ်ဆေး အရေးယူမှုတွေပြုလုပ်နေကြောင်း သိရသည်။
ယခုလိုဖမ်းဆီး အရေးယူတာတွေနဲ့ပါတ်သက်ပြီး KNPP မှ ကေးလျားမြို့နယ် အတွင်းရေးမှူး ခူးဟယ်ရယ်ကို မေးမြန်းသည့်အခါ.. “အဓိက ကတော့ ကျနော်တို့ လက်မှတ်ပါတဲ့ ဟာဆိုရင် ကျနော်တို့ လွှတ်ပေးတယ်။ လက်မှတ်မပါတဲ့ဟာ ဆိုရင် အထက်ကပေးတဲ့ တာဝန်အတိုင်း ကျနော်တို့ ချုပ်ထားတာပေါ့နော်။ အများဆုံးဖမ်းမိတာကတော့ ဒီသစ်တွေပဲ။ ကျနော်တို့ ဒီသစ်တွေက ပွန်ချောင်း၊ ချောင်းဝက သယ်လာတဲ့ သစ်တွေခပ်များများပဲ” ဟု ပြောသည်။
ကယားပြည် ဖရူဆို မြို့နယ် လောကျေခူ ဒေါသဲ ကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဇွန်လ၈ရက်နေမှ ၁၆ရက်နေ့အထိ KNPP ပြည်ထဲရေး တပ်မှ အခွန်မဲ့ တင်ဆောင်လာသော သစ်ကားများနှင့် ခဲတင်ကားများကို ဖမ်းဆီးစစ်ဆေးခဲ့ကြသည်။ အခွန်မပေးသည့် ဆယ်ဘီးကား ၁၃စီး ဖမ်းဆီးရမိပြီး ကျွန်းသစ်တန်ချိန်ပေါင်း ၁၀၀ ကျော်ကို သိမ်းဆီး ထားရကြောင်းလည်း သိရသည်။
“အခုဒီတနိုင်တပိုင်နဲ့ သွားလာတဲ့ ဒေသခံတွေ တွေ့ရင်တော့ ကျွန်တော်တို့ ဖမ်းတာတော့ မရှိပါဘူး” ဟု ခူးဟယ်ရယ်ကဆက်ပြောသည်။
ဖမ်းဆီးရမိသော ဆယ်ဘီးကားအများစုမှာ အရှေ့သံလွင် ကုမ္မဏီကားများဖြစ်ပြီး ကျွန်းသစ်အများစုမှာ ကရင်နီဒုက္ခသည်တွေပြန်လှည်အခြေချနေထိုင်ရန် လျာထားသော ကယားပြည်နယ် သံလွင်အရှေ့ဘက်ကမ်း နေရာဒေသမှ သစ်များဖြစ်သည်။
အပစ်ခတ်ရပ်စဲရေးယူထားသည့် ကာလအတောအတွင်း အရှေ့သံလွင်ကုမ္မဏီနှင့် ကယားဌာနေကုမ္မဏီတို့က သံလွင်အရှေ့ခြမ်းမှ ကျွန်သစ်များကို ခုတ်ယူရောင်းချနေမှုတွေ တိုးချဲ့လုပ်ဆောင်လာနေသည့် အတွက် ထိုင်းနယ်စပ်ရှိ ကရင်နီဒုက္ခသည်များ ပြန်လှည်အခြေချနေထိုင်ရန် စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်နေကြောင်းသိရသည်။

No comments:
Post a Comment