Tuesday, June 24, 2014

ပီအာရ်စနစ် ကျင့်သုံးရန် ပြည်ခိုင်ဖြိုးထိပ်ဆုံးမှ လိုလားဟု ရှေ့နေကွန်ရက်ဆို

မြတ်မင်း

အချိုးကျကိုယ်စားပြုစနစ်(Proportinal Representation) ကို ကျင့်သုံးစေလိုသည့် ပါတီများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထိပ်ဆုံးမှပါဝင်သည်ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက မဇ္ဈိမကို ပြောသည်။

“ပီအာရ်နစ်ကို ဘယ်သူအဖြစ်ချင်ဆုံးလဲလို့ မေးရင် အဖြစ်ချင်ဆုံးက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပဲ။ ဘာလို့လဲဆိုတော့ လက်ရှိအနေအထားအရ ရိုးရိုးသားသားယှဉ်ပြိုင်ရင် ဘယ်လိုမှ NLD ကို မနိုင်ဘူး။ ဒါသေချာတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း သူတို့လူတွေ၊ သူတို့ ၀န်ထမ်းတွေ ရှိနေတဲ့ နေပြည်တော် လေးမြို့နယ်စလုံးမှာ ရှုံးခဲ့ရတယ်။ ဒီလိုသမာသမတ်ကျကျယှဉ်ပြိုင်မယ်ဆို သူတို့အကုန် ပြုတ်သွားမယ်။ အတိုက်အခံနေရာတောင်ရှိမှာ မဟုတ်ဘူး။

ပီအာရ်စနစ်သာရခဲ့မယ်ဆိုရင် သူတို့က လွှတ်တော်ထဲမှာ အကြီးဆုံးအတိုက်အခံအဖြစ်ရနိုင်မယ်။ အဲ့ဒါကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ပီအာရ်စနစ်ကို လေသံပစ်ထားတယ်။ လက်တွေ့အနေအထားအရ သူတို့ထဲက စဉ်းစားတွေးခေါ်တတ်တဲ့ သူတချို့က သူတို့ အခြေအနေမကောင်းဘူးဆိုတာကို သဘောပေါက်ပုံရပါတယ်။ လူထုက သူတို့အပေါ်ထားတဲ့ သဘောထားကို သိမှာ”ဟု ဦးသိန်းသန်းဦးက ပြောသည်။

ပီအာစနစ်ကိုကျင့်သုံးရန် ဇွန်လ၈ရက် တွင် အင်န်ဒီအက်ဖ်ပါတီက အမျိုးသားလွှတ်တော်တွင် အဆိုတင် သွင်းခဲ့သည်။ အဆိုတင်သွင်းပြီး ငါးရက်အကြာတွင် အမျိုးသားလွှတ်တော်၌ မဲခွဲခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများနှင့် တပ်မတော်သားကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ထောက်ခံခဲ့သဖြင့် အနိုင်ရခဲ့သည်။

No comments: