ပန်းမြတ်ဇော်
မိတ္ထီလာ ပဋိပက္ခအတွင်း နေအိမ် ဖျက်စီးခံရသည့် အစ္စလာမ် ဘာသာဝင်တစ်ဦးကို ဗုဒ္ဓဘာသာဝင်တစ်ဦးမှ ကူညီရိုင်းပင်းမှုကို ဖော်ကျူးထားသည့် အမိုးမရှိတဲ့ကောင်းကင် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားကို ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် လူအခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသရန် ဖျက်သိမ်းလိုက်သည်။
" ဒီရုပ်ရှင်ပွဲတော် ကျင်းပတာက ဘာသာမတူတဲ့ လူတွေကြားထဲ လူမျိုးမတူတဲ့ လူတွေကြားထဲမှာ ပြဿဏနာတွေ ဖန်တီးဖို့ ဒီရုပ်ရှင်ပွဲတော်ကို ကျွန်တော်တို့ ကျင်းပတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရုပ်ရှင်ကားလေးကို ပြသလိုက်ရင် မြန်မာနိုင်ငံမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ဖွယ်ရှိတဲ့အတွက် ဝမ်းနည်းစွာနဲ့ စိတ်မကောင်းစွာ ဝဇီရာရုပ်ရှင်ရုံမှာရော ဂျန်းရှင်းစကွဲမှာရော ပြသမယ့်ဟာကို ရပ်ဆိုင်းထားပါတယ်"ဟု ရုပ်ရှင်ပွဲတော်စီစဉ်သူ မင်းထင်ကိုကိုကြီးက ဇွန် ၁၆ ရက် နံနက် ၁ဝ နာရီက ယင်းဇာတ်ကား ပြသမည့်အချိန်တွင် ဇာတ်ကား လာရောက် ကြည့်ရှုသူများကို ပြောသည်။
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်တွင် စတင် ပြုလုပ်ခြင်းဖြစ်ပြီး ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ ကား၊ နိုင်ငံတကာ ရုပ်ရှင်၂၆ ကား စုစုပေါင်း ၆၇ ကား ပြသရန် စီစဉ်ထားရာမှ အမိုးမရှိတဲ့ကောင်းကင် ဇာတ်ကား တစ်ကားတည်းသာ ပြသရန် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
အမိုးမရှိတဲ့ကောင်းကင် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားသည် လူ့ဂုဏ်သိက္ခာရုပ်ရှင် သိပ္ပံအဖွဲ့အစည်းက ပြုလုပ်သည့် ၇ ပတ်ကြာ မှတ်တမ်းရုပ်ရှင်ဖန်တီးမှု သင်တန်းတွင် သင်တန်းသား ၁၂ ဦးမှ ရိုက်ကူးထားသည့် ဇာတ်ကား ငါးကားမှ တစ်ကား ဖြစ်သည်။
"သူတို့စိတ်ကူးတွေနဲ့ ရိုက်ဖို့ခွင့်ပြုခဲ့တယ် သူတို့စိတ်ကူးလေးတွေနဲ့ ရိုက်တာကို သင်တန်းပေးပြီး ထောက်ပံ့ခဲ့တယ်။ အဲမှာ ရိုက်တဲ့ ကားတွေမှာလဲ ကိုယ်တို့ ကနေ ဒီဟာရိုက်ရမယ် ဆိုပြီး ချမှတ် ထားတာမရှိဘူး။ သူတို့သင်တန်းဆရာနဲ့သူတို့ ရွေးချယ်ပြီး ရိုက်ကြတယ်။ နောက်ဆုံး ၅ကား ထွက်လာတယ်။ တစ်ဖက်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်အောင် ကြိုးစားနေတယ်။ စိတ်မကောင်းစရာတွေ တစ်ဖက်က မြင်ရတွေ့ရတယ်။ ကိုယ်ကိုတိုင်က ပဋိပက္ခကို ဖန်တီးချင်တာ မဟုတ်ဘူး။ ပဋိပက္ခ ဖြစ်စေဖို့ ဒီရုပ်ရှင်ပွဲတော်ကို ကျင်းပတာ မဟုတ်ဘူး။ တော်တော်ကြီးကို စိတ်မကောင်းဖြစ်ရတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဒီရုပ်ရှင်ကို ပြသဖို့ ဖျက်သိမ်းလိုက်ရတယ်" ဟုလည်း မင်းထင်ကိုကိုကြီးက ပြောသည်။
အမိုးမရှိတဲ့ကောင်းကင် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားသည် ပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း ဘာသာမတူသူနှစ်ဦး တစ်ဦးနှင့်တစ်ဦး ကူညီစောင့်ရှောက် ကြ သည့် ဖြစ်ရပ်မှန် အပေါ် အခြေတည် ရိုက်ကူးထားခြင်းဖြစ်သည်။
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၏ လက်စွဲစာအုပ်တွင် အမိုးမရှိတဲ့ကောင်းကင် ဇာတ်ကားနှင့်ပတ်သက်ပြီး “မိတ္ထီလာ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းအတွင်းတွင် အိမ်ဖျက်ဆီးခံရသော မွတ်စလင် အဒေါ်ထံသို့ တူမဖြစ်သူက သွားရောက်ခဲ့သည်။ ပဋိပက္ခအပေါ် အဒေါ်ကြီး၏ အမြင်နှင့် ပဋိပက္ခအတွင်း သူ့ကို ကူညီခဲ့သော ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ဦးနှင့် သူတို့နှစ်ဦးကြားထားရှိသော ခင်မင်မှုမေတ္တာတရားကို ရိုက်ကူးတင်ပြထားပါသည်” ဟု ဖေါ်ပြထားသည်။
အဆိုပါ ရုပ်ရှင်ကားကို အွန်လိုင်း စာမျက်နှာများတွင် ဝေဖန်မှုများစွာ ပေါ်ထွက်လာပြီးနောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ကျင်းပရေး အဖွဲ့က အစည်းအဝေးပြုလုပ်ပြီး ယင်းဇာတ်ကားကို ပြသရန် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ကို ကြည့်ရှုရန် ပြင်ဆင်နေသည့် ရွှေသံစဉ်တီးဝိုင်းမှ ဦးဝင်းမော်က "အွန်လိုင်းမှာ အဲဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတွေ့လို့ ဒီနေ့ ဝဇီရာ ရုပ်ရှင်ရုံမှာ သွားကြည့်ဖြစ်တယ်။ ဒါပေမယ့် အဖွဲ့အစည်းက မပြဘူးဆိုတော့ သူတို့ဆီမှာလည်း အကြောင်းရှိလို့ ဖြစ်မှာပါ” ဟု ပြောသည်။
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံ အဖွဲ့အစည်းမှ သင်တန်းသားများ ရိုက်ကူးထားသည့် ဇာတ်ကားများကို Peter Wintonick ဆု ကိုချီးမြှင့်ရန် စီစဉ် ထားပြီး အမိုးမရှိတဲ့ကောင်းကင် ဇာတ်ကားကိုလည်း ဆုရွေးချယ်သည့် အခါတွင် ထည့်သွင်း မသွင်း ထပ်မံ ဆုံးဖြတ်မည် ဖြစ်သည်။
No comments:
Post a Comment