Sunday, June 8, 2014

ခုံရုံးဥပဒေပြင်ဆင်ခြင်းဆွေးနွေးရန် အမျိုးသားလွှတ်တော် အတည်ပြု

ဝင်းကိုကိုလတ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်၌ ခုရုံးဥက္ကဋ္ဌ ဦးမြသိန်းက တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ပြီး ဖွဲ့စည်းပုံနှင့်အညီ ပြင်ရန် အခွင့်အရေးဟု လွှတ်တော်အမတ်က သုံးသပ်သည်။

ပြီးခဲ့သည့်ဇွန်လ ၁ ရက်က အခန်း ၁၇ ခန်းပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူများ လေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး လေးရက် အကြာတွင် ခုံရုံးဥက္ကဋ္ဌက အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ခုံရုံးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြင်လိုက်သည့် အချက်၌ ခုံရုံးဥက္ကဋ္ဌ ရွေးချယ်သည့်အချက် နှင့် ခုံရုံး၏အဆုံးဖြတ်သည် အပြီးအပြတ် ဖြစ် သည်ဆိုသည့် အချက်များကို ပြင်ဆင်ခြင်းသည် အခြေခံဥပဒေနှင့် မကိုက်ညီဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၇ ၌ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ပြည်ထောင်စုလွှတ်တော်က သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက ကိုးဦးအား ရွေးချယ်ပြီး ခုံရုံးဥက္ကဋ္ဌအားမဲဖြင့် ရွေးချယ်ရမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

၎င်းက “သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက် တိုင်ပင်လုပ်ရမယ်ဆိုတော့ ဒီမိုကရေစီတော့ ပိုကျတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူတို့(ကိုယ်စားလှယ်များ)က ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့ ခုံရုံး ဥပဒေကိုပဲ ပြင်ခဲ့တယ်”ဆိုသည်။

ယခုအခါ ခုံရုံးအနေဖြင့် ဥပဒေအားပြင်ဆင်ရန်ကြိုးစားလာခြင်းသည် အထက်ပါ အခြေခံဥပဒေနှင့် မညီသည့် အချက်နှစ်ချက်အား ပြန်လည်ပြင်ရန် အခွင့်အရေး ပြန်လည်ရရှိလာမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

၎င်းက “ဘာအခွင့်အရေးရလာသလဲဆိုတော့ သမ္မတထောက်ပြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီပါဘူးဆိုတာကို ပြန်လုပ်ပေးလို့ ရလာမယ်။ လွှတ်တော်နဲ့ သမ္မတကြားက ပြဿနာတွေ ပြေလျော့သွားမယ်”ဟု သုံးသပ်သည်။

၂၀၁၂ ခုနှစ်အတွင်း လွှတ်တော်များ၏ ကော်မတီနှင့် ကော်မရှင်တို့ကို ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့မှုကြောင့် ပြည်ထောင်စုလွှတ်တော်ကခုံရုံးကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းခဲ့ပြီး တစ်ဖွဲလုံး နုတ်ထွက်ခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခဲ့ရသည့် သာဓက ရှိခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်က ခုံရုံးဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ယင်းတွင် ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်ခန့်အပ်ခွင့်ဆိုင်ရာ ပြင်ဆင်ချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်အတွက် ပြင်ဆင်ချက်များပါဝင်သည်။ ယင်းအချိန်ကတည်းက လွှတ်တော်ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။

သို့သော် လွှတ်တော်ကလည်း ပြန်လည်ပြင်ဆင်မပေးသဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ သတ်မှတ်ကာလအတွင်း အတည်ဖြစ်ခဲ့သည့် ယင်းနောက်တစ်နှစ်ခန့်အကြာတွင် သမ္မတက အချက်အချို့ ပြင်ဆင်ရန်ကြိုးပမ်းခြင်းဖြစ်သည်။

No comments: