ABC
မြန်မာနိုင်ငံက ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ဟာ သြစတြေးလျနိုင်ငံကို ရောက်ရှိနေပြီး သြစတြေးလျမှာ ရောက်ရှိနေကြတဲ့ မြန်မာမိ သားစုတွေနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ စနေနေ့ ကတော့ မဲလ်ဘုန်းမြို့နေ မြန်မာ မိသားစု တွေနဲ့ တွေ့ဆုံ ခဲ့ကြပြီး မြန်မာ နိုင်ငံမှာ လက်ရှိ ပညာရေးနဲ့ လူမှုရေး ဆိုင်ရာ လိုအပ် ချက်တွေကို အဓိက ထားပြောကြား သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က အခုလို ပြောသွား ခဲ့ပါတယ်။
“ကျနော်က ပြောပြမှာက နောက်မျိုး ဆက်တွေ အတွက်ပဲ ကျနော် နည်းနည်း ပြန်မျှချင်တယ်။ ဆင်းရဲလို့ မတတ်နိုင်တဲ့ ကလေးတွေကို ထားတဲ့ကျောင်းတွေမှာ တတ်နိုင်ရဲ့သားနဲ့ လာထားတယ် အဲဒီ ဘုန်းကြီးကျောင်းမှာ ဘာဖြစ်လို့လဲ ဘုန်းကြီးတွေရဲ့ စနစ်တကျ သင်ကြားပေးမှုက ကျောင်းကထက် သာတယ်ပေါ့ လိုရင်းပြော ပါတော့။ ဘာဖြစ်လို့ လည်းဆိုရင် ကျောင်းမှာက ကျူရှင်မယူရင် ပြဿနာရှိတယ်။ အဲဒီဆရာမဆီမှာ။ ဒါနောက် ဆုံးဖြစ်နေတဲ့ အခြေအနေတွေ။”
တွေ့ဆုံပွဲကို လူပေါင်း ၁၀၀ လောက်က တက်ရောက် နားထောင် ခဲ့ကြပြီး မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ပညာရေးနဲ့ အတွေး အခေါ်တွေ မြှင့်တင် ကြဖို့နဲ့ ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာ လူငယ်တွေ အနေနဲ့ ပြည်တွင်းက လူငယ်တွေရဲ့ ပညာရေး စနစ်ကွာ ခြားပုံ အကြောင်းတွေကို ပြောသွားခဲ့ပါတယ်။
အဓိကတော့ မြန်မာပြည်ရဲ့ ပညာရေး စနစ်ဟာ စာအုပ်ထဲက အတိုင်းပဲ အလွတ်ကျက်ပြီး ဆရာမ ဆရာမတွေ သင်ကြားပေး တဲ့အတိုင်း တသွေမတိမ်း လိုက်နာ ဖြေဆိုရတဲ့ အကြောင်း၊ ကျောင်းသားတွေ အနေနဲ့ ကိုယ်ပိုင် အတွေးအခေါ် အယူအဆတွေ မရှိတော့တဲ့ အကြောင်းနဲ့ ကျောင်းစာသင် ကြားမှုပိုင်းမှာ အားနည်းနေတဲ့ အကြောင်းတွေကို အဓိက ထားပြောကြားသွား ခဲ့ပါတယ်။
ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီးတော့ တွေ့ဆုံပွဲကို တက်ရောက်နားထောင်ခဲ့သူ မြန်မာ လူငယ်မိန်းကလေးတစ်ဦးကတော့ သူ့ရဲ့ခံစားချက်ကို အခုလို ပြောပြပါတယ်။
“သမီးတို့ ဒီကလူတွေနဲ့ ဟိုကလူတွေ ပြန်စဉ်းစားကြည့်ကြည့် ဒီက ကလေးတွေက ပိုပြီးတော့ စဉ်းစားတတ်တယ်။ ဟိုက ကလေးတွေကျတော့ မိဘာပြောတဲ့အတိုင်းပဲ လိုက်လုပ်ရတော့လေ။ အဲလို ကလေးတွေကို သမီးတို့လိုပဲ ကိုယ့်ဟာကိုယ် စဉ်းစားတတ်အောင် ဟိုက ကလေးတွေကို ဖြစ်စေချင်တယ်။”
ဒါ့အပြင် ပြည်ပမှာရှိတဲ့ မြန်မာတွေအနေနဲ့ကလည်း မြန်မာနိုင်ငံကို တဖက်တလမ်းကနေ အထောက်အကူပြုကြဖို့လည်း ၈၈ အဖွဲ့က ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့က တိုက်တွန်းပြောကြား သွားခဲ့တာနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို တက်ရောက်နားထောင်ခဲ့တဲ့ ကိုဟယ်နရီတင်ကတော့ အခုလို ပြောပါတယ်။
“သူတို့ရဲ့ ပြောကြားချက်တွေက မြန်မာနိုင်ငံမှာ တကယ်ကို ဖြစ်ပျက်နေတဲ့ ပကတိ အရှိတရားတွေ။ တကယ်ကို ပြည်တွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေရော ပြည်ပမှာ ရောက်နေတဲ့ ကျနော်တို့ မြန်မာတွေရော ၀ိုင်းပြီးတော့ နားလည်သင့်တယ်၊ သိသင့်တယ်၊ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အကြောင်းအရာတွေပဲပြောသွားတာ။ ပြည်ပရောက်နေတဲ့ မြန်မာတွေက ပြန်တာမပြန်တာထက်လေ ဘယ်မှာပဲနေနေပါ ကိုယ်တတ်နိုင်ဘက်က ပြန်ပြီး တတ်နိုင်တဲ့ နည်းလမ်းနဲ့ ထောက်ပံ့ လို့ရပါတယ်။”
ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ဟာ မဲလ်ဘုန်းမြို့မှာရှိတဲ့ မြန်မာ တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီးတော့ ဒီကနေ့ ညနေမှာတော့ ကရင်နီတိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
မဲလ်ဘုန်းမြို့ကမြန်မာတိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီးမှာတော့ ဆစ်ဒနီ၊ ပတ်သ်နဲ့ ကင်ဘာရာမြို့မှာရှိတဲ့ မြန်မာတွေနဲ့လည်းသွားရောက်တွေ့ဆုံဖို့ရှိသလို ကင်ဘာရာမြို့မှာတော့ သြစတြေးလျ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ကိုဂျင်မီကပြောပါတယ်။
ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ်နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအကြောင်းတွေနဲ့ ပတ်သက်တဲ့ ဆက်သွယ်မေးမြန်းခန်းကိုလည်း မနက်ဖြန်မှာ တင်ဆက်သွားဖို့ရှိတဲ့အတွက် စောင့်မျှော် နားဆင်နိုင်ကြပါတယ်။

No comments:
Post a Comment