Thursday, June 5, 2014

လွှတ်တော်ကိုယ်စားလှယ်တို့ ဝင်ငွေခွန် ဆောင်ရတော့မည်

စိုးသန်းလင်း

ယခင်က ဝင်ငွေခွန်ကင်းလွတ်ခွင့်ရခဲ့သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့ဝင်များသည် ၎င်းတို့၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ဝင်ငွေခွန် ပေးဆောင်ရတော့မည် ဖြစ်သည်။

နိုင်ငံဝန်ထမ်းများနှင့် ပုဂ္ဂလိကဘဏ် ဝန်ထမ်းများနည်းတူ နိုင်ငံတော်အတွက် အခွန်တာဝန်ကို ထမ်းဆောင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်သို့ပေးပို့လာသော ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ယနေ့စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ချက်များနှင့် အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသဖြင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက လေ့လာစိစစ်ပြီး လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကြိုတင်လေ့လာနိုင်ရန် လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

"အရင်ကတော့ အခွန်ကင်းလွတ်ခွင့်ရတဲ့အထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါခဲ့တယ်။ အခု ဝင်ငွေခွန်ဥပဒေသစ်အရ ပြန်တမ်းဝင်အရာရှိတွေလည်း အခွန်ဆောင်ရမယ်ဆိုတော့ အခြားဝန်ထမ်းတွေ၊ ပြန်တမ်းဝင်အရာရှိတွေ နည်းတူ ကိုယ်စားလှယ်တွေလည်း အခွန်ထမ်းတာဝန်ကို ယူစေချင်လို့ဖြစ်မှာပါ။ လောလောဆယ် ကိုယ်စားလှယ်တွေ လစာတိုးဖို့ စောင့်နေချိန်မှာ လစာတိုးဖို့မသေချာပေမယ့် အခွန်ဆောင်ဖို့တော့ သေချာနေပါပြီ"ဟု အလုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

မူလဥပဒေ ပုဒ်မ ၁၄တွင် "ခံစားခွင့်သည့် ဝင်ငွေခွန် အရပ်ရပ်အပေါ် ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်" ဟု ပါရှိခဲ့ပြီး ယခုပြင်ဆင်သည့် ဥပဒေကြမ်းတွင် အဆိုပါ ပုဒ်မ ၁၄ကို ဖြုတ်ပယ်လိုက်ကာ အခြားဝန်ထမ်းများနည်းတူ လစာချီးမြှင့်ငွေအတွက် ဝင်ငွေခွန်ဆောင်ရန်နှင့် စရိတ်ကုန်ကျငွေများအတွက်မူ အခွန်ဆောင်စရာမလိုဟူ၍ အမျိုးသားလွှတ်တော်က ဇွန်လ ၃ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

No comments: