Sunday, June 15, 2014

အလုပ်ရှင်နှင့် အလုပ်သမားစာချုပ်အပေါ် တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

အောင်သူရထွန်း

အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဥပဒေ ၁၈ ခုဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိသော်လည်း ဆန္ဒပြမှုများဖြစ်ပေါ်နေသည့်အပေါ် အလုပ်ရှင်နှင့် အလုပ်သမားစာချုပ်တွင် လုပ်ခလစာနှင့် ခိုင်မာသော သက်သေများပါဝင်ရန် အရေးကြီးကြောင်း အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်းက ဆိုသည်။

“အလုပ်ရှင်နဲ့ အလုပ်သမားစာချုပ်တွင် လုပ်အားခ၊ လုပ်ခလစာ၊ အလုပ်ချိန်၊ ခံစားခွင့် အလုပ်ရှင် အလုပ်သမားတို့ရဲ့ တာဝန်ဝတ္တရားများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ပါဝင်စေပြီး မြို့နယ်ညှိနှိုင်း တိုင်ပင်ရေးအဖွဲ့ ရှေ့မှောက်မှာ အသိသက် သေချုပ်ဆိုစေပြီး အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးစလုံး လက်ခံထားရှိ ဖို့လိုတယ်” ဟု ၎င်းက ဆွေးနွေးသွားသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကပင် စဥ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား ၉၀၀ ကျော်သည်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ သိုးမွေးအထည်ချုပ်စက်ရုံတွင် အလုပ် သမား ၁၈၀ ကျော်သည် လည်းကောင်း၊ SUN နေကြာစေ့စက်ရုံတွင်လည်း အလုပ်သမား ၅၀ ကျော်သည် လည်းကောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထို့အပြင်“ဒါဟာဥပဒေရဲ့ သက်ဝင်လှုပ်ရှားမှု လိုအပ်နေတာလား၊ ဥပဒေရဲ့အားနည်းချက်လား သုံးသပ်ဖို့ လိုပါတယ်”ဟု အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်မြင့်ဟန်က ထောက်ပြ ဆွေးနွေးခဲ့သည်။

အလားတူ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား လုပ်ခလစာ၊ တာဝန်သတ်မှတ်မှု အပါအ၀င် တိကျခိုင်မာသော စာချုပ်မရှိjခင်း၊ ဥပဒေအချို့ အားနည်းခြင်း၊ အသက်မ၀င်ခြင်းတို့ကြောင့် လတ်တလောဖြစ်ပွားခဲ့သော ရုပ်ရှင်မင်းသမီးနှင့် အိမ်ဖော်ပြဿနာ တရားသူကြီးဇနီးနှင့် အိမ်ဖော်ပြဿနာတို့ကို ရည်ညွှန်း၍ ၎င်းက ဝေဖန်သည်။

အလုပ်ရှင်နှင့် အလုပ်သမားပေါင်းစည်းညီညွတ်ရေး ဆောင်ရွက်ပေးပါရန် ပြည်aထာင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က တင်သွင်းလာရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ခြင်းဖြစ် သည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေနှင့် ရေးဆွဲပြဋ္ဌာန်းပြီး ဥပဒေငါးခု၊ ပြင်ဆင်ရေးဆွဲလျက်ရှိသည့် ဥပဒေငါးခု၊ အသစ်ရေးဆွဲပြီး ရုပ်သိမ်းမည့် ဥပဒေခြောက်ခု၊ အသစ်ထပ်မံရေးဆွဲနေတဲ့ ဥပဒေနှစ်ခု၊ စုစုပေါင်း ဥပဒေ ၁၈ခုနှင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း လက်တွေ့နယ်ပယ်တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမားများသည်သိရှိ လိုက်နာရန် အားနည်းသောအနေအထားတွင်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်းနှင့် ၀န်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့်အလုပ်သမား ဥပဒေ၊ နည်းဥပဒေအမိန့်နဲ့ ညွန်ကြားချက်များကို အလုပ်သမားများ ထင်သာမြင်သာသည့် နေရာများတွင် ချိတ်ဆွဲပြသထားခြင်းမျိုး ဆောင်ရွက်သင့်ကြောင်းကို ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်း က အမျိုးသားလွှတ်တော်မှတစ်ဆင့် အစိုးရအဖွဲ့ကို အကြံပြုဆွေးနွေးခဲ့သည်။

No comments: