စိုးသန်းလင်း
၂ဝ၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့သည်ဆိုသော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ အမျိုးသမီးဝန်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့်လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ်လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
"မီးဖွားခွင့်နဲ့ပတ်သက်ရင် အရင်က သုံးလခွင့်ပြုခဲ့တယ်။ အခု နည်းဥပဒေအရ ခြောက်လအထိ တိုးမြှင့် သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် မီးဖွားရာမှာ အမြွှာ၊ သုံးမြွှာပူး စသည်ဖြစ်ရင် နောက်ထပ် ခြောက်ပတ် တိုးမြှင့်ခံစားခွင့် ပေးပါတယ်။ ခင်ပွန်းက ဝန်ထမ်းဖြစ်နေရင်လည်း ဇနီးနဲ့ ကလေးကိုပြုစုဖို့ သူ့ကို လစာပြည့်နဲ့ ခွင့်နှစ်ပတ် ပေးထားပါတယ်" ဟု ရာထူးဝန်ဥက္ကဋ္ဌ ဦးကျော်သူက လွှတ်တော်သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြေကြားအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "နိုင်ငံဝန်ထမ်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလဲ အကျုံးဝင်ပါတယ်"ဟု မှတ်ချက်ပြုပြောကြားသည်။
မယ်စဲ့မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်းက နိုင်ငံဝန်ထမ်းနည်းဥပဒေ စတင် အာဏာသက်ရောက်စေရန် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ဌာနဆိုင်ရာအသီးသီးသို့စောလျင်စွာ ညွှန်ကြားပေးနိုင်ခြင်း ရှိ၊ မရှိ" ဟူ၍ အစိုးရအဖွဲ့အား မေးမြန်းခြင်း အပေါ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment