မြတ်မင်း
နိုင်ငံတော်အစိုးရက တားမြစ်ထားသော စာရွက်စာတမ်းနှင့်အလံများထားသိုခြင်း၊ နံရံတွင်ကပ်ထားခြင်းတို့ပြုလုပ်သည် ဆိုသော အကြောင်းပြချက်ဖြင့် ၂ဝဝ၇ခုနှစ်က မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိမ်းဆည်းကာ လေလံပစ်ခြင်းခံရသော အမှတ် (၉) စီရုံမြေညီထပ် အလယ်လမ်းမကြီး အဆင့်မြင်ဈေးချိုတော်ရှိ ဦးဘစိုးအမည်ပေါက် မိသားစုပိုင် (စန်းရောင်ရှင်အထည်ဆိုင်) ကို ပြန်လည်ရယူလိုကြောင်း စန်းရောင်ရှင်အထည်ဆိုင်ပိုင်ရှင် ဦးဘစိုးက ဇွန်လ ၁ ရက်က ပြုလုပ်သော စာနယ်ဇင်းရှင်းပွဲတွင် ပြောသည်။
ဥပဒေနဲ့ငြိစွန်းခြင်း၊ စည်ပင်စည်းမျဉ်းချိုးဖောက်ခြင်း၊ တရားရုံးမှ စီရင်ခြင်းတို့ကြောင့် မဟုတ်ဘဲ ဥပဒေမဲ့ အမိန့်ဖြင့် နိုင်ငံရေးလုပ်သဖြင့် ထိုဆိုင်ခန်းကို အဓမ္မသိမ်းဆည်းထားခြင်း ဖြစ်သဖြင့် ပြန်လည် ပေးအပ်ရန် တောင်းဆိုခြင်းဖြစ်သည်။
''အထည်ခင်းထားတဲ့ မတ်တပ်မှန်ဘီရိုထိပ်ထောင့် တစ်ဖက်တစ်ချက်မှာ ၄လက်မ ၆လက်မအရွယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ အလံစတေကာ ကပ်ထားလို့ဆိုပြီးသိမ်းတယ်။ အဲ့ဒီစတေကာက ၁၉၈၉ ခုနှစ်က တည်းကကပ်ထားတာ မှေးမှိန်ပြီးတော့ မမြင်ရတော့ဘူး ဒါကိုဓါတ်ပုံရိုက်တင်တဲ့သူက နောက်ခံအရောင်ရဲရဲတောက်၊ ခွပ်ဒေါင်းကြီးကဝါ ထိန်ပြီး ဆေးကူပြီးတင်တယ် အခြားဘာအကြောင်းပြချက်မှ မရှိဘူး “ ဟု ဦးဘစိုးကပြေားသည်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာနမှ ဦးဘစိုးထံသို့ ဆိုင်ခန်းငှားရမ်းအသုံးပြုခွင့် ရုတ်သိမ်းသောစာတွင် ဦးဘစိုးသည် ၎င်းဆိုင်ခန်းတွင် နိုင်ငံတော်အစိုးရက တားမြစ်ထားသော စာရွက် စာတမ်း၊ အလံများကိုထားသိုခြင်း နံရံတွင်ကပ်ထားခြင်းတို့ပြုလုပ်သည်ကိုစစ်ဆေးတွေ့ရှိရသည်။ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီပိုင် ဈေးဆိုင်ခန်း အဆောက်အဦး ငှားရမ်းအသုံးပြုခြင်း စည်းကမ်းချက်များ အပိုဒ် ၈ ။ (ခ) တွင် ဆိုင်ခန်းအဆောက်အအုံတွင် အစိုးရကခွင့်မပြုသည့် ကုန်ပစ္စည်းများအားထားသိုခြင်းရောင်း ဝယ်ခြင်းမပြုလုပ်ရ ဟုဖော်ပြထားသည်။
ထို့ကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော ဈေးဆိုင်ခန်း ဌားရမ်းအသုံးပြုခြင်း စည်းကမ်းများကို ဦးဘစိုးမှ လိုက်နာခြင်းမရှိသဖြင့် ဈေးစည်းကမ်းအပိုဒ် ၁၄ ပါ အတိုင် စည်းကမ်းချက်များ ဖောက်ဖျက်ကျူးလွန်ပါသဖြင့် ဆိုင်ခန်း အသုံးပြုခွင့်ကို ၁-၆ဝ၂ဝဝ၇ ရက်နေ့ ၁၆ နာရီမှ စ၍ ပြန်လည်ရုတ်သိမ်းကြောင်း အကြောင်းကြားပါသည် ဟု အဆိုပါကာလက စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးမောင်ပု လက်မှတ်ထိုးဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
''ဆိုင်အသိမ်းခံရတဲ့အချိန်တုန်းက စစ်အာဏာရှင်က တစ်ချိန်လုံး နိုင်ငံရေးအင်အားစုတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီးတော့ အမြဲတမ်းအပြစ်ရှာပြီး အထက်ကိုအထင်လွဲအောင် သတင်းတွေကို ပို့တတ်ကြတဲ့ အနေအထားက ဘယ်သူမှငြင်းလိုမရဘူး အဲဒီလိုအနေအထားနဲ့ ကျွန်မတို့ ဆိုင်က အသိမ်းခံခဲ့ရတာပါ"ဟု ဦးဘစိုး၏ ညီမဖြစ်သူ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒု-ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကပြောသည်။
သိမ်းဆည်းခံရသော ဆိုင်ခန်းကို ပြန်လည်ရရှိရန် တပ်မတော် အစိုးရလက်ထက်တွင် သက်ဆိုင်ရာသို့ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့ထံသို့ စာရေး တင်ပြထားသော်လည်း ယနေ့အချိန်ထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်းပြောသည်။
No comments:
Post a Comment