Thursday, June 19, 2014

စက်သုံးဆီဆိုင်နှင့် သိုလှောင်ကန်များဖွင့်ခွင့် စွမ်းအင်သို့ တိုက်ရိုက်လျှောက်ထားရန် ပြင်ဆင်သတ်မှတ်

စည်သူအောင်

မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၁,၂၀၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကာ စက်သုံးဆီဆိုင်များနှင့် သိုလှောင်ကန်များ ထပ်မံဖွင့်ခွင့်ပေးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနက အဆိုပြုလွှာများကို ဇွန်လ ၁၆ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။

ယခင်က ပုဂ္ဂလိကစက်သုံးဆီဆိုင်၊ သိုလှောင်ကန်များဖွင့်လှစ်လိုပါက သတ္တုတွင်းဦးစီးဌာန၏ စက်သုံးဆီ သိုလှောင်ခွင့်လိုင်စင်ရှိရန်လိုအပ်ပြီး လိုင်စင်ရရှိပြီးမှသာ စွမ်းအင်ဝန်ကြီးဌာနသို့ ဆက်လက်လျှောက်ထား ရခြင်းဖြစ်သည်။

ယခု ပုဂ္ဂလိကစက်သုံးဆီဆိုင်နှင့် သိုလှောင်ကန်စခန်းများဖွင့်လှစ်လိုသူများသည် စွမ်းအင်ဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ပြီး ယခင်သတ္တုတွင်းဦးစီးဌာနသို့ လျှောက်ထားရာတွင် တင်ပြရသည့် အ ချက်အလက်များဖြစ်သော စက်သုံးဆီ၊ သိုလှောင်ကန်စခန်း၏အကွက်ချပုံစံ၊ တည်ဆောက်မည့် အဆောက် အအုံပုံစံနှင့် သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရ ထောက်ခံချက်တို့ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။

“အရင်ကတော့ သတ္တုတွင်းဦးစီးဌာနရဲ့လိုင်စင်၊ မီးသတ်ရဲ့ထောက်ခံချက်၊ မြေပိုင်ဆိုင်မှုထောက်ခံချက် လိုမျိုးစာရွက်စာတမ်းတွေ၊ လုပ်ငန်းအဆင့်တွေများတာပေါ့။ အခုတော့ စွမ်းအင်ဝန်ကြီးဌာနကိုပဲ တိုက် ရိုက်လျှောက်ထားနိုင်ပါပြီ။ သတ်မှတ်ချက် ပြည့်မီရင် အမြန်ဆုံးခွင့်ပြုပေးပါတယ် ” ဟု စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၄ခုနှစ် မေလ တတိယပတ်စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၁,၂၃၈ ဆိုင် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး စတင်ချိန်၌ အစိုးရပိုင်စက်သုံးဆီဆိုင် ၂၀၀ ကျော်ကို ပုဂ္ဂလိက ပိုင်အဖြစ် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီဆိုင် မရှိသေးသောမြို့နယ်များ၊ မြို့သစ်များ၊ လမ်းဆုံလမ်းခွနေရာများ၊ လမ်းမကြီးများ၊ တိုးလ်ဂိတ်များတွင် စက်သုံးဆီဆိုင်များနှင့် သိုလှောင်ကန်စခန်းများဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ပြီး တရားမ၀င်စက်သုံးဆီအရောင်းဆိုင်များ ပပျောက်စေရန် ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန် ထားသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ပုဂ္ဂလိကစက်သုံးဆီဆိုင်များလိုအပ်လျက်ရှိသည့် စက်သုံးဆီများကိုလည်း ပမာဏတစ်ခုအထိ ရောင်းချပေးလျက်ရှိသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် စက်သုံးဆီအမျိုးမျိုး ဂါလန် ပေါင်း ၂၀၄ ဒသမ ၄၆ သန်းရောင်းချပေးမည်ဖြစ်ပြီး ဓာတ်ဆီ ဂါလန် ၇၂သန်း၊ ဒီဇယ်ဆီဂါလန် ၉၇ ဒသမ ၄၆သန်း ရောင်းချပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: