စိုးသန်းလင်း
အကျဉ်းထောင်များတွင် ၁၈၉၄ အကျဉ်းထောင်လက်စွဲဥပဒေအရ ဘီကလပ်စ်(B Class) ကျင့်သုံးခဲ့ပြီး ၁၉၆၄ ခုနှစ် ကျမှဖျက်သိမ်းခဲ့သော အကျဉ်းသားအမျိုးအစားခွဲခြားသည့်စနစ်ကို ပြန်လည်ကျင့်သုံးစေလိုကြောင်း၊ ၎င်းဘီကလပ်စ်သာရှိမည်ဆိုလျှင် သံဃာတော်တို့ သင်္ကန်းချွတ်၊ လူဝတ်လဲစရာမလိုကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယနေ့အစည်းအဝေးတွင် အစိုးရအဖွဲ့ကို မေးမြန်းခဲ့သည်။
“အခုလို B Class မရှိလို့ သံဃာတော်တွေကို သင်္ကန်းချွတ်တဲ့ကိစ္စမျိုးတွေ ဖြစ်လာတာ”ဟု အစချီလျက် ၎င်းက အဆိုပါ B Class များကို ဖျတ်သိမ်းသည့် ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရအမိန့် ကြေညာစာ အမှတ်(၁)ကို ပြန်လည်ရုပ်သိမ်းပေးမည်လားဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ကိုလိုနီခေတ် အမွေဆိုးဖြစ်သည့် အကျဉ်းသားများအား အဆင့်အတန်းခွဲခြားသည်မှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) ပုဒ်မ ၃၄၇ နှင့် ၃၄၈ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီကြောင်း၊ ထိုစနစ်ဟောင်းသည် အကျဉ်းထောင်၏ လုံခြုံရေးကို ထိခိုက်စေပြီး အုပ်ချုပ်သူလူတန်းစားများအပေါ် လေးစားမှုလျော့နည်းကာ မထီမဲ့မြင်မှုများရှိလာစေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့အပြင် ၎င်းက “၁၉၆၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ အစိုးရတရားရေးဌာနက ဇန်န၀ါရီ ၁၅ ရက်မှာ အကျဉ်းသားအားလုံး တစ်တန်းတည်း ဖြစ်ရမယ်လို့ ထုတ်ပြန်ခဲ့ပြီး ABC အတန်းအစား ခွဲခြားခြင်းကို ဖျက်သိမ်းခဲ့တာပါ။ ၁၈၉၄ အကျဉ်းထောင်များ ဥပဒေကို ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့အတွက် လက်ရှိကျင့်သုံးနေတဲ့ အကျဉ်းထောင် ဥပဒေလေးခုကို ပေါင်းစပ်ပြီး ပြန်လည်ပြင်ဆင်ရေးဆွဲနေပါတယ်”ဟု ပြောကြားကာ အဆိုပါ ၁၉၆၄ တော်လှန်ရေးကောင်စီ အစိုးရအမိန့်ကြေညာစာ အမှတ်(၁) ကို ပြန်လည် ရုပ်သိမ်းမည်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။
သို့ရာတွင် ဦးသိန်းညွန့်က “ကိုလိုနီခေတ် အကျဉ်းထောင်တွေမှာ A-Class ၊ B-Class တွေရှိခဲ့လို့ မြန်မာနိုင်ငံရေးသမိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးသမားကောင်းတွေ ပေါ်ပေါက်ခဲ့ပြီး လွတ်လပ်ရေးရခဲ့တာဖြစ်တယ်။ ကုန်သည်၊ လယ်သမား၊ အလုပ်သမားနဲ့ ပညာရှင်တွေကို တစ်တန်းစားတည်းထားတဲ့ ဆိုရှယ်လစ်စနစ်က ဖျက်သိမ်းခဲ့တဲ့ကိစ္စကို အခုလို ဒီမိုကရေစီခေတ်ပြောင်းလာချိန်မှာ ပြန်စဉ်းစားပေးစေလိုပါတယ်”ဟု ထပ်မံ တောင်းဆိုခဲ့သည်။
ပြည်ထဲရေး ဒု-၀န်ကြီးက ၎င်းတို့ဌာနသည် မြန်မာအကျဉ်းထောင်ဥပဒေ ၂၀၀၆ မူကြမ်းကို လက်ရှိခေတ်စနစ်နှင့် ကိုက်ညီစေရန် အဆင့်ဆင့်ပြင်ဆင်ရေးဆွဲထားပြီး လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်နေကြောင်း၊ ABC Class များ ပြန်လည်ခွဲခြားမည်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။
အဆိုပါ ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားကာ ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကို တောင်းခံထားကြောင်းနှင့် သဘောထားမှတ်ချက်ရရှိပါက အနီးဆုံးကျင်းပသည့် လွှတ်တော်အစည်းအဝေးများသို့ လုပ်ထုံးလုပ် နည်းများနှင့်အညီ တင်ပြသွားမည်ဟုလည်း ဒု-၀န်ကြီးက ဖြေကြားခဲ့သည်။
No comments:
Post a Comment