ရေခဲ(ပြည်)
အခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေး ကားဖြင့်လိုက်လံနှိုးဆော်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှ 'လက်တွဲကူမယ်ပြည်လူငယ်' ပရဟိတအသင်းကို အသံချဲ့စက်အသုံးမပြုရန် ရဲတပ်ဖွဲ့က ဇွန်လ ၃ရက် ည၉နာရီခွဲက ပြည်ညဈေးတန်းအနီးတွင် တားမြစ်ခဲ့သည်ဟု လက်တွဲကူမယ်ပြည်လူငယ် အဖွဲ့က အတွင်းရေးမှူး ကိုမျိုးသူထွဋ်က ပြောသည်။
"ပရိုဂျက်တာနဲ့ထိုးပြီး ဘွားတော်ကြီး ဟောပြောပွဲခွေ ဖွင့်ထားတယ်။ ပန်းဖလက်ဝေတယ်။ ပြန်ခါနီးမှာ ပြည်(၁)စခန်းမှူးနဲ့ နယ်ထိန်း In-charge (တာဝန်ခံ)လာပြီး ခွင့်ပြုချက်ရှိလား မေးတယ်။ မရှိဘူး တစ်နိုင်ငံလုံး လုပ်နေတာဆိုတော့ အသံချဲ့စက် ဥပဒေပုဒ်မ၂၄ဆိုတာ ရှိတယ်။ ခွင့်ပြုချက် တောင်းရမယ်လို့ ပြောတယ်"ဟု ကိုမျိုးသူထွဋ်က ပြောသည်။
လာရောက်တားမြစ်သူ ရဲတပ်ဖွဲ့ဝင်များက နှိုးဆော်ရေးလုပ်ဆောင်မှုအား ဓာတ်ပုံရိုက်ခြင်း၊ လက်တွဲကူမယ်ပြည်လူငယ်ရုံးခန်းသို့သွားရောက် ဓာတ်ပုံရိုက်ခြင်းများကိုပါ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့တားမြစ်သည့်အတွက် ဇွန်လ ၄ရက်က ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အသံချဲ့စက်အသုံးပြုမည်ဟု အသိပေးအကြောင်းကြားစာပေးပို့ခဲ့ပြီး မိတ္တူကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ပြည်အမှတ်(၁) ရဲစခန်း၊ မြို့မရဲစခန်းများသို့ ပေးပို့ခဲ့ကြောင်း ကိုမျိုးသူထွဋ်ကပြောသည်။
ထို့အပြင် လက်ကမ်းစာစောင်ရိုက်ပေးသည့် စာပုံနှိပ်တိုက်ကို ရဲတပ်ဖွဲ့က တားမြစ်ထားသည့်အတွက် လက်ကမ်းစာစောင် အခက်အခဲများရှိပြီး ဇွန်လ၅ရက် ညနေ၆နာရီမှ နှိုးဆော်ရေးကား ပြန်ထွက်နိုင်မည်ဟု ကိုမျိုးသူထွဋ်က ဆိုသည်။
No comments:
Post a Comment