ဝင်းကိုကိုလတ်
ရခိုင်ဒေသခံများသည် ပြည်ပအင်န်ဂျီအိုအဖွဲ့အစည်းများကို မယုံကြည်နိုင်ခြင်းမှာ နားလည်မှုလွဲမှားခြင်းကြောင့်ဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒု-၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာအချို့အား ပြောကြားလိုက်သည်။
အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်မောင်မောင်အုန်းက “ရခိုင်က ဒုက္ခသည်အများစုက ဘင်္ဂါလီတွေဖြစ်တဲ့အတွက် နားလည်မှုလွဲတာဖြစ်ပါတယ်”ဟု ဆိုသည်။
၎င်းက “သူတို့ (ပြည်ပအင်န်ဂျီအို)ရဲ့ မူကိုက ဒုက္ခသည်ကိုပဲ ကူညီရမယ့်မူဖြစ်နေတာပါ။ ဒီတော့ကျွန်တော်တို့က တကယ်ဆင်းရဲပြီးတော့ ဒုက္ခရောက်နေတဲ့ နေရာတွေကို ခေါ်သွားပြီးတော့ပြတယ်။ အိုင်ဒီပီ မဟုတ်ဘဲ ဒုက္ခရောက်နေတဲ့ နေရာတွေမှာပါ ဒေသဖွံ့ဖြိုးရေးတွေတွဲလုပ်တယ်” ဟု ဖြည့်စွက်ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်မတ်လ နောက်ဆုံးပတ်က ပြည်ပအင်န်ဂျီအိုအဖွဲ့အစည်းများ တိုက်ခိုက်ခံရသောကြောင့် ယင်းအဖွဲ့များ၏ ၀န်ထမ်းများ တိမ်းရှောင်ခဲ့ ရသည်။
ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မည်သည့်အကြမ်းဖက်မှုများကိုမဆို လက်မခံသော်လည်း ပြည်ပအင်န်ဂျီအိုအချို့က ရခိုင်ဒေသတွင် လုပ်ကိုင်ရာတွင် မှားယွင်းမှုအချို့ရှိခဲ့သည်ဟု ဆိုသည်။
“ပြည်ပအင်န်ဂျီအိုတွေက ဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ တန်းတူညီမျှစွာ ကူညီဖို့လိုပါတယ်။ အဲလိုမဟုတ်ရင်တော့ ဒေသခံတွေက လက်ခံမှာမဟုတ်ပါဘူး” ဟု ပြောသည်။
ပြည်ပအင်န်ဂျီအိုများသည် ပြီးခဲ့သည့် ကာလများက လုပ်ရပ်များကို ပြန်လည်သုံးသပ်ကာ ဝေဖန်သုံးသပ်မှုများ ပြုလုပ်နေသည်ဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် ပြည်ပအင်န်ဂျီအိုတစ်ခုမှ မန်နေဂျာအဆင့်ရှိသူ တစ်ဦးက “အရင်က ပြည်ပအင်န်ဂျီအိုတွေက ရခိုင်ဒေသခံတွေရဲ့ စိတ်ခံစားမှုအကြောင်း ကောင်းကောင်း မသိကြဘူး။ အခုနောက်ပိုင်း ရခိုင်ကျေးရွာတွေမှာလည်း ဆင်းရဲတဲ့ရွာတွေ အများကြီးရှိတာ သိလာကြတယ် ”ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
No comments:
Post a Comment