စ, ချိုကို
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မိုဘိုင်းနှင့် ကွန်ပျူတာနည်းပညာပစ္စည်း အသုံးပြုသူများတွင် တက်ဘလက် အသုံးပြုသူသည် ကွန်ပျူတာအသုံးပြုသူထက် ပိုမိုများပြားလာနိုင်သည်ဟု ကမ္ဘာကျော်ဆော့ဖ်ဝဲကုမ္ပဏီ တစ်ခုဖြစ်သော Microsoft က ခန့်မှန်းထားသည်။
Mobile Internet Devices အသုံးပြုမှုများလာသည်နှင့်အတူ လာမည့်နှစ်များတွင်လည်း မိုဘိုင်းပစ္စည်း တင်သွင်းမှုသည် မြန်မာနိုင်ငံတွင် အဆပေါင်းများစွာ ကြီးမားလာနိုင်မည်ဟုလည်း Microsoft ကုမ္ပဏီက Mr.Alvin Chua က ဇွန် ၂ ရက်က ရန်ကုန်မြို့ တယ်လီနောရုံးချုပ်တွင် ပြုလုပ်သည့် Net Monday အစီအစဉ်တွင် ဆွေးနွေးပြောကြားသွားသည်။
ထို့ပြင်လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၄ ဒသမ ၁ ဘီလီယံသည် ယခုအချိန်တွင် အင်တာနက် ချိတ်ဆက်မှုမရရှိသေးဘဲ လာမည့် ၂၀၁၇ အရောက်တွင် အဆိုပါလူဦးရေ၏ ၁ ဘီလီယံခန့် အင်တာနက် အသုံးပြုလာနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
မိုဘိုင်းအင်တာနက် အသုံးပြုပစ္စည်းများ အသုံးပြုများလာသည်နှင့်အမျှ အင်တာနက်လုံခြုံရေးနှင့် ကိုယ်ရေး အချက်အလက် ထိန်းသိမ်းမှုတို့ အကြောင်းများကို ပြည်တွင်းပြည်ပ နည်းပညာကျွမ်းကျင်သူ ပရိုဂရမ်မာများ၊ ၀က်ဘ်ဒီဇိုင်နာများ၊ ဘလော့ဂါနှင့် Developer 150 ခန့်က Net Monday အစီအစဉ်တွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။
အလားတူ နိုင်ငံတိုင်းတွင် မိုဘိုင်း အသုံးပြုမှု ၁၀ ရာခိုင်နှုန်းတိုးတက်လာသည်နှင့်အမျှ နိုင်ငံ၏ GDP ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှု စွမ်းရည်သက်ရောက်မှု (Total Factor Productivity) ၄ ဒသမ ၂ အထိ မြင့်မား လာနိုင်မည်ဟု ခန့်မှန်းထားသည်။
ထို့ပြင် ကမ္ဘာပေါ်ရှိ အင်တာနက်အသုံးပြုသူ ၂၅ ရာခိုင်နှုန်းသည် မိုဘိုင်းအသုံးပြုသူများ ဖြစ်လာနိုင်ပြီး ၂၀၁၅ တွင် ကမ္ဘာပေါ်ရှိ မိုဘိုင်းဖုန်း တင်သွင်းမှုနှင့်အသုံးပြုမှုသည် နှစ်ဆခန့် တိုးမြင့်လာနိုင်သည်ဟု Microsoft ခန့်မှန်း ပြောကြားထားသည်။
No comments:
Post a Comment