စည်သူမောင်မောင်
လွှတ်တော်ထဲတွင် ရှိနေသည့် ၂၅ရာခိုင်နှုန်းသော တပ်မတော်သားများအနေဖြင့် ၎င်းတို့ရှိနေခြင်းသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဟုဆိုကာ ကိုယ်တိုင် ထွက်ခွာပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဇွန်လ ၁၁ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြောကြားလိုက်သည်။
ဦးတင်ဦးက ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဇွန်လ ၁၁ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲနှင့် လက်မှတ်ကောက်ယူပွဲတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
"ဘာကိစ္စလုပ်လုပ် ၂၅ရာခိုင်နှုန်းက လုပ်ချင်တာ လုပ်နိုင်အောင်လို့ ထည့်ထားတာ။ သတ္တိရှိရှိနဲ့ သူတို့ ၂၅ရာခိုင်နှုန်းက ဒီမိုကရေစီ မကျလို့ မလုပ်တော့ပါဘူးဆိုပြီး ထွက်လိုက်ပါ။ ပြည်သူတွေ အလိုလို ချစ်လာပါလိမ့်မယ်"ဟု အင်အန်ဒီ နာယက ဦးတင်ဦးက ပြောကြားလိုက်သည်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက "ကျွန်တော်သည် တပ်မတော်ကို ချစ်ပါတယ်။ ပြည်သူလူကို တပ်မတော်ထက် ပိုချစ်တဲ့အတွက် ပြည်သူလူထုဘက်ကနေ ပူပေါင်းပါဝင်တာပါ။ ပုဒ်မ ၄၃၆ပိတ်ထားတော့ အမှားတွေအများကြီးပဲ ဖြစ်နေတာကို မပြင်နိုင်ဘဲဖြစ်နေတယ်။ ပြောင်းလဲအောင် ပြင်နိုင်မှသာ ရှေ့ဆက်သွားဖို့ လွယ်မှာပါ။ တပ်မတော်သားတွေက ပြည်သူအမိ ပြည်သူအဖလို့ နားလည်ဖို့လိုတယ်။ သူတို့က တစ်နေ့ကျရင် ပြည်သူထဲကို ပြန်လာရမှာပါ။ ပြည်သူကိုကာကွယ်တဲ့ ဥပဒေကို ပြဌာန်းခဲ့ဖို့တော့ လိုတယ်"ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၁၂၊ ပုဒ်မ ၄၃၆သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အဓိက အတားအဆီး ဖြစ်နေသည့် ပုဒ်မဖြစ်ပြီး ယင်းပုဒ်မကို ပြင်ဆင်ရန် လွှတ်တော် အတွင်းမှ လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်၍ တပ်မတော်သားများအနေဖြင့် ပြင်ဆင်ရာတွင် ပါဝင်မှသာ ဖြစ်နိုင်မည်ဖြစ်သည်။
"ပုဒ်မ ၄၃၆ကို မပြင်နိုင်သမျှ ကာလပတ်လုံးကိုယ်စားလှယ်တွေဟာ ပြည်သူ့အတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး"ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကလည်း ပုသိမ်ဟောပြောပွဲတွင် ပြောဆိုလိုက်သည်။
ပုသိမ်ဟောပြောပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ ဦးဌေးဦး(စိန်ကျွန်း)၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလု့အဖွဲ့အစည်းမှ ကိုဂျင်မီတို့က နံနက် ၉နာရီမှ ၁၁နာရီအထိ ဟောပြောခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့လက်မှတ် ကောက်ယူမှုများကို မေလ ၂၇ရက်မှ ဇူလိုင်လ ၁၉ရက်အထိ အင်အန်ဒီနှင့် ၈၈တို့က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။
No comments:
Post a Comment