Tuesday, June 24, 2014

သူငယ်ချင်းရန်ဖြစ်မည်စိုး၍ ၀င်တားသူ ဓားထိုးခံရ

ကျော်စိုးမိုး

သူငယ်ချင်းဖြစ်သူ ရန်ဖြစ်မည်ကိုစိုးရိမ်သဖြင့် ၀င်ရောက်ဟန့်တားရာမှ ဓားထိုးခံရသည့်ဖြစ်စဉ်တစ်ခု ဇွန် ၁၈ ရက်၊ ည ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဓားထိုးခံရသူမှာ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ သလ္လာဝတီ(၅)လမ်းတွင်နေထိုင်သည့် ဝေယံလင်းဆိုသူဖြစ်ပြီး ကျူရှင်မှအပြန် သူငယ်ချင်းဖြစ်သူ စိုးကြီး ကိုလိုက်ပို့ခဲ့သည်ဟု ဆိုသည်။

ထို့နောက် သလ္လာဝတီ(၃)လမ်းထိပ် အရောက်တွင် ယခင်ကစိုးကြီးနှင့်ရန်ဖြစ်ခဲ့ဖူးသူ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းတွင်နေထိုင်သည့် အသက်(၁၇)နှစ်အရွယ် ထွန်းနောင် နှင့် တွေ့ဆုံကာ ထပ်မံစကားများနေကြသည်ဟု ဆိုသည်။

ထိုသို့စကားများနေသည်ကို ဝေယံလင်းက ၀င်ရောက်ပြောဆိုဟန့်တားရာ ထွန်းနောင်က ၎င်းကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ဓားထိုးခံရသဖြင့် ဝေယံလင်း၏ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အ တွင်းလူနာအဖြစ်တက်ရောက် ကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထွန်းနောင်ကို အရေးယူပေးပါရန် ဝေယံလင်း၏ ဖခင်ဖြစ်သူ ဦးထိန်လင်းက တရားလိုပြု တိုင်တန်းပြီး သာကေတနယ်မြေရဲစခန်းမှ (ပ) ၃၅၀/၁၄ ၊ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိသည်။

No comments: