Sunday, June 1, 2014

စစ်သား၏ အဓမ္မကျင့်မှုခံရသည့် ၁၄ နှစ်အရွယ် မိန်းကလေး၏ မိဘကို ဗျူဟာမှူးတောင်းပန်

ဖနိဒါ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ ၁၄ နှစ်အရွယ် အမျိုးသမီးကို ခလရ ၅၆၇ တပ်ရင်းမှ ရဲဘော်တစ်ဦးက အဓမ္မပြုကျင့်သည်ကို အမှုဖွင့် တိုင်ကြားထားပြီး သိန္နီအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး(ဒကစ)က မိန်းကလေး၏ မိဘများကို မေလ ၂၇ ရက်က လာရောက်တောင်းပန်ခဲ့သည်ဟု ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်လုမိုင် က ပြောသည်။

“ဒီနေ့ကသိန္နီအခြေစိုက်တဲ့ တပ်မမှူးကမိန်းကလေးရဲ့အဖေအလုပ်သွားတဲ့အချိန် လမ်းကနေခေါ်ပြီးတွေ့တယ်။ ဆန်အိတ် တစ်အိတ်၊ ဆီတွေ လက်ဆောင်ပေးတယ်။ဒီအမှုကို တရားဥပဒေအရ အရေးယူပေးပါ့မယ်ဆိုပြီး ကတိပေးသွားတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ သူတို့ စစ်စည်းကမ်းနဲ့ လုပ်မယ်။ ပြီးရင် အရပ်ဘက်ကို လွှဲပေးမယ်ဆိုပြီး ပြောသွားတယ်”ဟု ဒေါ်လုမိုင်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် အသက် ၁၄နှစ်အရွယ် အမျိုးသမီးလေးကသူ၏ ညီမနှင့်အတူနေအိမ်မှ အိမ်နီးနားချင်းနေအိမ်သို့ အသွားလမ်းတနေရာတွင် အစိုးရ၏ ခလရတပ်ရင်း ၅၆၇ တပ်သားနှစ်ဦးမှ တစ်ဦးကသူမ၏ ညီမကိုခေါ်ဆောင်သွားပြီးအစ်မဖြစ်သူကိုအခြားတပ်သားတဦးက ခြုံတောတနေရာသို့ ခေါ်ဆောင်သွား၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟုသူကပြောသည်။

အစောပိုင်းတွင် အဆိုပါ နမ်ဂွတ် စစ်ကြောင်းမှူးက အမျိုးသမီး၏ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ လက်ဆောင် ပစ္စည်းဖြင့်သာဖြေရှင်းသွားရန် မိန်းကလေး၏ မိဘများက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုမှ အမျိုးသမီးအဖွဲ့ထံသွားရောက် အကူအညီတောင်းခံခဲ့ရာမှ မေလ ၁၇ ရက်ကကွပ်ခိုင် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟုဒေါ်လုမိုင်ကဆိုသည်။

ယင်းနောက် မေလ ၂ဝ ရက်တွင် ဒကစ ၄၅ ဗျူဟာမှူးက တောင်းပန်ခဲ့သလို၊ မေလ ၂၆ ရက်ကလည်းနမ်ဂွတ်ကျေးရွာမှ စစ်ကြောင်းမှူးကလည်း မိန်းကလေး၏ မိဘများထံသွားရောက် တောင်းပန်မှုရှိခဲ့သဖြင့် ဒေသခံများ၏ တောင်းဆိုမှုကို အစိုးရစစ်တပ်က ဝန်ခံသဖြင့် အောင်မြင်မှုတခုရရှိသည်ဟုအဆိုပါ ကချင်လူငယ်အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ဗျူဟာမှူးက ကျွန်တော်တို့ မထိန်းနိုင်လို့ ဒီလို ဖြစ်သွားတယ်။ စိတ်မရှိပါနဲ့ ဒီကိစ္စကိုသေချာဖြေရှင်းပေးပါ့မယ်လို့ ပြောတယ်။ ဘယ်လို ဖြစ်ချင်လဲဆိုပြီး ကျွန်မတို့ မေးလို့ ကျွန်မလည်း အဲဒီစစ်သားကို ဆေးစစ်ပေးပါ။ မိန်းကလေးရဲ့ ရှေ့ရေးအတွက် စိုးရိမ်တယ်။ တရားမျှတအောင် ဖြေရှင်းပေးစေချင် ပါတယ်လို့ ပြောထားတယ်။ ဒီနေ့လည်း တပ်မမှူး လာတောင်းပန်တယ်ဆိုတော့ ကျွန်မတို့ ကျေးရွာဒေသခံတွေရဲ့ လုပ်ဆောင်ချက်က အောင်မြင်တယ်လို့ ပြောရမယ်။ တောင်းဆိုချက်ကို စစ်တပ်က အရေးယူပေးတယ်”ဟု သူကပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၁၄ ရက်ရက်ကလည်း ကွတ်ခိုင်မြို့ပြင်တွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း အဓမ္မပြုကျင့်ခံရပြီးလည်ပင်းကျိုး၊ လက်တဖက်ကျိုးဖြင့် သေဆုံးနေမှု ဖြစ်ပွားခဲ့ပြီးတရားခံကိုမသိရသေးဟု ၎င်းက ဆိုသည်။

No comments: