ဖြိုးဝေအောင်
ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၁၃၉ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ကို လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ထေးသမကျေးရွာရှိ မောဒူဒီးဘိုးဟိုးခန်းမတွင် အခမ်းအနားတရပ်ကျင်းပသွားသည်။
အခမ်းအနားကို နံနက်(၈)နာရီတွင် ကယောရိုးရာဓလေ့ဖြင့် (၁၃၉) နှစ်မြောက်ကရင်နီအမျိုးသားနေ့ အခမ်းအနားကို စတင်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံနှင့် ကရင်နီအမျိုးသားအလံအား အလေးပြုကြပါသည်။
လွိုင်ကော်မြို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆရာပလုရယ်က အမျိုးသားနေ့မှသည် ကရင်နီပြည်နိုင်ငံရေး သမိုင်းကြောင်း ဆရာပလုရယ်က “ကရင်နီအမျိုးသားနေ့က ပြည်သူတရပ်လုံးရဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဖော်ထုတ်တဲ့နေ့ ဖြစ်ပါတယ်” ဟုပြောသည်။
ကရင်နီအမျိုးသားနေ့ကို ယခင်က ကရင်နီနယ်စပ်ဒုက္ခသည်စခန်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး ယခုလို အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲထားသည့် ကာလတွင်သာ ပြည်တွင်းတွင် စတင် ကျင်းပနိုင်ခဲ့ကြသည်မှာ ဒုတိယအကြိမ်ရှိပြီးဖြစ်သည်။
ပြည်နယ် အစိုးရအဖွဲ့များ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ အမျိုးသမီးအဖွဲ့၊ တိုင်းရင်းသားလူမှုအဖွဲ့၊ (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ NGOs များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ စသော အဖွဲ့အစည်း၊ အသင်းအဖွဲ့ ကိုယ်စားလှယ် အသီးသီးတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် အစိုးရအဖွဲ့ဝန်ကြီး၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ စုစုပေါင်းလူဦးရေ ၁၅၀၀ ခန့်တက်ရောက်ကြသည်။
(၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ယခုအချိန်ထိ လက်ဆင့်ကမ်းအမွေထိန်းသိမ်းလာခြင်းသည် အစဉ်အလာကောင်းတခုဖြစ်၍ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် ကြိုးစားရန်လိုအပ်သည်ဟု ပြောသည်။
ဦးကိုကိုကြီးက “ဒီအမွေကောင်းတယ် ဆက်ခံပြီးတော့ နိုင်ငံရေးအမျိုးသားတွေရဲ့ တမ်းတူညီမျှ စီးပွားရေးတမ်းတူညီမျှမှု၊ လူမှုရေးတမ်းတူညီမျှမှုမှာ ပြည်ထောင်စုအတွင်းမှာ အတည်ပြုနိုင်အောင် ဝိုင်းပြီးကြိုးစားကြဖို့ အထူးသဖြင့် လူအများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားကိုယ်၌ကလည်း တိုင်းရင်းသားအင်အားစုတွေအားလုံး ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းပြီးတော့ကြိုးစားဖို့ လိုအပ်တယ်” ဟု ပြောသည်။
၁၈၇၅ခုနှစ် ဇွန်လ ၂၁ ရက်နေ့ အင်္ဂလိပ်အစိုးရနဲ့ ဗမာဘုရင်တို့ကနေ ကရင်နီပြည်သည် သီးခြား လွတ်လပ်သည်ဆိုပြီး တရားဝင် အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို ကရင်နီအမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
ကရင်နီအမျိုးနေ့ဖြစ်ပေါ်လာပုံသမိုင်းကို လူငယ်တစ်ဦးဖတ်ကြားခြင်းနှင့်အတူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဥက္ဏဌကိုယ်စား ဆရာခူထဲဘူးမှ မိန့်ခွန်းပြောကြားခြင်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ စီးပွား နှင့် စီမံ ၀န်ကြီး ဦးတော့ရယ် မှ မိန့်ခွန်းပြောကြားခြင်း၊ ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ဏဌ ဦးညွန့်ရယ် မိန့်ခွန်းပြောကြားခြင်း၊ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဥက္ဏဌ ဦးတိုးပေါလ် နှင့် ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ဏဌ ဒေါ်ပေါ်လိနာ စသည့် ကိုယ်စားလှယ်အသီးသီးမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် အတူ၊ ကေ့ထိုးဘိုးရိုးရာ ဂေါပက အဖွဲ့ချုပ်၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အခြားသော လူမှုအသင်းအဖွဲ့များ မှ ကိုယ်စားလှယ်များက ၎င်းတို့ဌါနအသီးသီးမှ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။
သ၀ဏ်လွှာများကို ဖတ်ကြားပြီးသည့်နောက် လူငယ်တစ်ဦးမှ ဦးဆောင်တိုင်တည်ပေးပြီး စည်းလုံးညီညွတ်ခြင်း၊ အခွင့်အလမ်းတန်းတူညီမျှခြင်း နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြွေးကြော်သံဖြင့် ထုတ်ဖော်ပြသခြင်းဖြင့် နေ့လည် ၁၁ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

No comments:
Post a Comment