Friday, June 6, 2014

သဲကုန်းလယ်သမား နှင့် ဗကသကျောင်းသာကို တရားခံပြေးအဖြစ် တရားရုံးကသတ်မှတ်

ရေခဲ (ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ်က လယ်သမား မခင်မာအေးနှင့် လယ်သမားအရေး ကူညီဆောင်ရွက်သူ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော်တို့ကို သဲကုန်းတရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

"ဝရမ်းကို အတည်ပြုဖမ်းဆီးတဲ့ ရဲက နေရာအနှံ့ရှာလို့မတွေ့ဘူး။ ဖမ်းမမိတော့ဘူးလို့ အစစ်ခံတယ်။ ရုံးရှေ့မှာပဲ တရားဝင်တရားခံပြေးအဖြစ် သတ်မှတ်လိုက်တယ်" ဟုတရားလွှတ်တော် ရှေ့နေဦးမြင့်အေးက ပြောသည်။

ဇွန်၃ရက်က တရားရုံးချိန်းတွင် (ဖမ်းဝရမ်းကို အတည်ပြုဖမ်းဆီးမည့်သူအရာရှိ)ဒုရဲအုပ်၊ နယ်ထိန်း နှင့် အောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ လာရောက် ထွက်ဆိုချက်ပေးပြီး ထွက်ပြေး တိမ်းရှောင် နေသူများကို ဖမ်းမမိ၍ ဝရမ်းပြန်လည်အပ်နှံခဲ့သည်။

ထိုသို့ ဖမ်းဝရမ်းပြန်အပ်သည့်အတွက် တရားသူကြီးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပြီး လာမည့် ဇွန်လ၁၇ရက် ရုံးချိန်းတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂အရ တရားခံပြေး အဖြစ် ကြေငြာမည်ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

တရားခံပြေးအဖြစ် သတ်မှတ်လိုက်သဖြင့် တရားရုံးတော်ကအမှုကို မခင်မာအေး နှင့် ကိုကောင်းထက်ကျော် တို့၏ မျက်ကွယ်တွင် ဆက်လက်စစ်ဆေး အမိန့်ချသွားမည်ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

မေလ၁၄ရက်က ဆန္ဒဖော်ထုတ်ခြင်း ဆုတောင်းမေတ္တာပို့သခြင်းများပြုလုပ်သော သဲကုန်းလယ်သမား လေးဦးကို ဒေသအာဏာပိုင်ရဲများက အကြမ်းဖက် ဖမ်းဆီးပြီး ပုဒ်မ၅ဝ၅(ခ)ဖြင့် ချက်ချင်း ဝရမ်းထုတ်ဖမ်းဆီးရာ ကိုမောင်ဝင်း နှင့် မညိုနှစ်ဦးကို ဖမ်းဆီးရမိပြီး ကိုကောင်းထက်ကျော် နှင့် မခင်မာအေးတို့မှာ လွတ်မြောက်သွားခဲ့သည်။

ဖမ်းဆီးစဉ်အခါက ရဲများက ရိုက်နှက်ဖမ်းဆီးခြင်းကြောင့် ကိုကောင်းထက်ကျော် နဖူးကွဲဒဏ်ရာ ရရှိပြီး မခင်မာအေးကမူ ဘယ်ဘက် လက်သန်းကြွယ် အရင်းပိုင်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။ ယင်းသို့ ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သဖြင့် အမှုမရင်ဆိုင်နိုင်သေးကြောင်း လယ်သမားများက ပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂ဝဝ၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ် (၃) လက်ကားသမဝါယမအသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။ ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများက သပိတ်စခန်းဖွင့်ခြင်း၊ ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း၊ အခေါင်းမီးရှို့ပွဲ ပြုလုပ်ခြင်း ဆန္ဒပြဆုတောင်းပွဲ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့် လေးဦး၊ ကျိန်စာတိုက်မှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့်ငါးဦး၊ ဆုတောင်းဆန္ဒပြမှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။ ကိုပေါက်စ၊ ဒေါ်ညို၊ ကိုမောင်ဝင်း စသည့် လယ်သမားသုံးဦးကို ပေါင်းတည်ထောင်တွင် ဖမ်းဆီးထားပြီး ကိုကောင်းထက်ကျော် နှင့် မခင်မာအေးမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်သည်။

No comments: