မောင်သင်တုန်း
ပြီးခဲ့သည့် မေလအတွင်းက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှတပ်သားနှင့် မြန်မာရဲတပ်သားများ သေဆုံးသည်အထိ ပစ်ခတ်မှုများဖြစ်ပေါ်ပြီးနောက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ တွေ့ဆုံကြရာ နယ်စပ်လုံခြုံရေးအတွက် ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အဖွဲ့ (RSO)ဆိုင်ရာ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ကြရန် သဘောတူညီခဲ့ကြသည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရဲမှူးချုပ် စိုးမြင့်က ပြောသည်။
နှစ်နိုင်ငံနယ်စပ် ပြဿနာများကြောင့် မြန်မာနိုင်ငံက အဆင်မြင့်အရာရှိကြီးများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Maj.Gen.AzizAhmed,psc G ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များသည် နေပြည်တော် Horizon Lake View Resort တွင် ဇွန် ၁၀ ရက်မှစတင်၍ ၁၁ ရက်အထိ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇွန် ၁၂ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့သည်။သတင်းမီဒီယာများနှင့် တွေ့ဆုံပြီးနောက် ရဲမှူးချုပ်စိုးမြင့်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ရဲမှူးချူပ်စိုးမြင့်က “RSO တွေ့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ သတင်းအချက်အလက်ရရင် သူတို့ကို ပြောပေါ့။ နယ်စပ်လုံခြုံရေးအနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်”ဟု မီဒီယာများကို ပြောသည်။
အဆိုပါ နှစ်ရက်ကြာ အစည်းအဝေးဆုံးဖြတ်ချက်အရ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားမ၀င် လက်နက်ကိုင်အဖွဲ့များနှင့် ပြစ်မှုကျူးလွန်သူများကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ ပူးပေါင်းအရေးယူဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်။
အစည်းအဝေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ရဲချုပ်ဇော်ဝင်းက “မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေမှာ ၂၀၁၄ ခုနှစ်၊ မေလအတွင်း ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်သည့် အရေးယူမှုများ၊ ဆောင်ရွက်မှုများ ပြုလုပ်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်သည် မြန်မာနိုင်ငံနယ်ခြားစောင့်တပ်က ပေးပို့လိုက်သော RSO များ၏ သတင်းအချက်အလက်များနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာများကို ဆက်လက်စုံစမ်းဖော်ထုတ်ပြီး ရရှိလာသည့် သတင်းအချက်အလက်များကို ပြန်လည်အကြောင်းပြန်ပေးသွားမည်ဟုလည်း သဘောတူခဲ့သည်။
အဆိုပါ အစည်းအဝေးတွင်နယ်စပ်ဒေသ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီး နှိမ်နင်းရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန် နယ်စပ်ဆက်ဆံရေးရုံး (BLO) ဖွင့်လှစ်ရန် မူအားဖြင့် သဘောတူမှုရရှိပြီး နယ်စပ်ဒေသတစ်လျှောက် နေထိုင်သော ဒေသခံပြည်သူများကိုလည်း နှစ်နိုင်ငံနယ်နိမိတ်နှင့် စပ်လျဉ်းပြီး အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးမည်ဖြစ်သည်ဟုလည်း သဘောတူခဲ့သည်။
နယ်စပ်ဒေသ ပြဿနာများဖြေရှင်းရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အဆင့်ဆင့်သော ကွပ်ကဲရေးမှူးများက ဦးစီးအရာရှိများကြား တိုက်ရိုက်ဆက်သွယ်မှုစနစ်ထူထောင်ပြီး ဆောင်ရွက်နိုင်ရန်လည်း သဘောတူညီမှုရရှိခဲ့သည်။
ပြီးခဲ့သည့်မေလအတွင်းက မောင်တောနယ်စပ် ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သား ခုနစ်ဦးကျဆုံးခဲ့သည်။
RSO အဖွဲ့သည် ရခိုင်နှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အခြေစိုက်သည့် ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
No comments:
Post a Comment