Thursday, June 19, 2014

မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် ၂၀၁၅ စက်တင်ဘာတွင် ပြီးစီးမည်

မျိုးသန့်

မန္တလေးမြို့တွင် အိန်္ဒိယနိုင်ငံမှ ဆရာ၊ ဆရာမများသင်ကြားပေးမည့် မြန်မာ့ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်တစ်ခုကို ဇွန်လ ၁၇ ရက်တွင် ပန္နက်တင်အခမ်းအနား ပြုလုပ်၍ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေးစီမံကိန်း လုပ်ဆောင်သည့် ထူးကုမ္ပဏီမှ မန်နေဂျာ ဦးသီဟကိုကိုက မဇ္ဈိမကို ပြောသည်။

တည်ဆောက်မည့်နေရာမှာ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ငုရွှေဝါလမ်း နှင့် ခိုင်ရွှေဝါလမ်းကြား အကျယ်အ၀န်းအဖြစ် ၁၉ ဒသမ ၄၉ ဧကပေါ်တွင် ခြောက်ထပ်၊ သုံးထပ်အဆောက်အအုံတက္ကသိုလ် တစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။တက္ကသိုလ်အတွင်းတွင် ဓာတ်လှေကား သုံးစင်းကို ထည့်သွင်း တည်ဆောက်သွားမည်ဟု ဆိုသည်။

“မြေဧက ၁၉ ဒသမ ၄၉ဧကမှာ တည် ဆောက်မှာဖြစ်တယ်။ တည်ဆောက်ဖို့ အတွက် ကုန်ကျစရိတ်ကိုတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ထုတ်ပေးမှာ ဖြစ်တယ်။ ကျွန်တော်တို့ ထူးကုမ္ပဏီကတော့ ပင်မ အဆောက်အအုံကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ကျန်တဲ့အဆောက်အအုံတွေကို တခြားကုမ္ပဏီနှစ်ခုက တည်ဆောက်မှာ ဖြစ်ပါတယ်”ဟု ဦးသီဟကိုကို ပြောသည်။

အဆောက်အအုံအတွင်းတွင် ကွန်ပျူတာများ ထားရှိသည့်အခန်း၊ စာသင်ခန်း၊ ပါမောက္ခနေထိုင်သည့် အခန်း၊ ကျောင်းသားရေးရာဌာန၊ အင်တာနက်ပိုင်းဆိုင်ရာ လေ့လာသည့်နေရာ၊ လက်တွေ့ခန်းစသည့် တို့ပါဝင်သော အခန်းပေါင်း ၉၉ ခန်းကို ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။

ပြင်ပကုမ္ပဏီ နှစ်ခုကလည်း ပြင်ပလိုအပ် ချက်အခန်းများကို ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။

တည်ဆောက်ပြီးစီးသွားလျှင် လက်ရှိ ကွန်ပျူတာတက္ကသိုလ် (ဒဟတ်တော) တွင် ယာယီပညာ သင်ကြားနေရသော မြန်မာ့ သတင်းအချက်အလက်နှင့် နည်းပညာ ကျောင်းသား၊ကျောင်းသူများ ပြောင်းရွှေ့ သင်ကြားရမည်ဖြစ်သည်။ ကျောင်းသူ ကျောင်းသားဦးရေ ၂၅၀ခန့် လက်ခံနိုင်ပြီး သင်ကြားမှုကာလမှာ ခြောက်နှစ်ဖြစ်သည်။

“သင်ကြားပေးရာမှာ ပထမဆုံးစာသင်တဲ့အချိန်မှာ အိန္ဒိယက ဆရာ၊ဆရာမတွေပဲ ပါမောက္ခချုပ်၊ပါမောက္ခအဖြစ် တာဝန်ယူ သင်ကြားပေးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေက သင်ကြားပေးမှာ ဖြစ်ပါတယ်”ဟု ထူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မီးခိုးမထွက်သော လုပ်ငန်းဟု တင်စားခေါ်ဝေါ်နေသော Software House များ ပေါ်ထွက်လာစေရန် အားပေးမြှင့်တင်ခြင်း၊ICT ထိရောက်စွာအသုံးပြုသော အခြားစီးပွားရေးလုပ်ငန်းများပေါ်ထွက်လာစေ လိုခြင်း၊ ICT ဆိုင်ရာ လူသားရင်းမြစ် တိုးပွားလာစေလိုခြင်းနှင့် E-Government ကဲ့သို့ စီမံကိန်းများ အကောင်အထည်ဖော် ပြည်သူလူထုအား ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးအပ်သွားနိုင်ရန် ရည်ရွယ်ကြောင်း ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

No comments: