Monday, June 23, 2014

ပါတီအကျိုးအတွက် ပီအာရ်မသုံးသင့် ဟု ၁၉၉၀ ရွေးကောက်ခံအမတ် အချို့ဝေဖန်

ဟိန်းကိုစိုး

ရွေးကောက်ပွဲစနစ်ကို ပါတီအကျိုးရှေးရှုကာ ပြောင်းလဲကျင့်သုံးရန်သင့်လျော်မည်မဟုတ်ဟု ၁၉၉၀ အမတ်အချို့နှင့် နိုင်ငံရေးအင်အားစုများက ဇွန်လ ၂၂ ရက် တွင် မဇ်္ဈိမကို ဝေဖန်ပြောကြားလိုက်သည်။

“ပါတီနဲ့ မိမိတို့ အကျိုးစီးပွားကာကွယ်ရေးအတွက် ရွေးကောက်ပွဲစနစ်တစ် ရပ်ပြောင်းလဲဖို့ မဆောင်ရွက်သင့်ဘူး ” ဟု ၁၉၉၀ ငပုတော လွှတ်တော်အမတ် ဒေးဗစ်လှမြင့်က ဆိုသည်။

“ဒီမိုကရေစီအင်အားစုတွေ နိုင်သွားလို့ငါတို့ရပ်တည်မှု ငါတို့ကိုဘာတွေလုပ်မလဲလို့ မတွေးသင့်ပါဘူး။ ဘယ်သူမှလည်း ကလဲ့စားချေမယ်ဆိုတဲ့စိတ်မရှိပါဘူး” ဟု ပြောသည်။ သို့သော် လက်ရှိလွှတ်တော်အတွင်း ပီအာရ်ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် အာဏာရပါတီကသာ ကျင့်သုံးမည် မကျင့်သုံးမည်ကို ဆုံးဖြတ်နိုင်သည့် အခြေအနေရှိ နေသည်ဟု ၁၉၉၀ ငပုတော အမှတ်-၂ လွှတ်တော်အမတ် ဒေါက်တာ ဇော်မြင့်က ပြောသည်။

အာဏာရပါတီက ပီအာရ်စနစ်ပြောင်းလဲရန် ဆောင်ရွက်နေသည့်အပေါ်ကန့်ကွက်နေသည့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က “ ဒီဟာကို တိုင်းပြည် ကောင်းကျိုးအတွက် ကိုယ်စားပြုလုပ်တာ မဟုတ်ဘဲ။ တစ်ဦးချင်းစီ ကောင်းကျိုးအတွက် လုပ်တဲ့အတွက် လုံးဝ မဖြစ်သင့်ဘူး။ အရင်သူတို့လုပ်ခဲ့တာတွေအတွက် ဒီလိုလုပ်တယ်ဆိုရင်တော့ အကောင်းဆုံးက အချင်းချင်း တွေ့ ဆုံဆွေးနွေးမှုနဲ့ အဖြေရှာဖို့ သင့်တယ် ”ဟုဆိုသည်။

ပီအာရ်ကို ပါတီအကျိုးအတွက် သွတ်သွင်းနေမှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က“ မြန်မာနိုင်ငံရဲ့နိုင်ငံရးက ညစ်ပတ်တဲ့ သဘောဖြစ်နေတယ်။ လွတ်လပ်ရေးရပြီး ခေတ်ကတည်းက နိုင်ငံရေးမှာ အလွန်ကို ညစ်ပတ်ခဲ့တယ်။ အဲဒီအတွက် နောင်အနာဂတ်မျိုးဆက်တွေကို သန့်ရှင်းတဲ့ နိုင်ငံရေးဆိုတာကို ပြသဖို့ ဆောင်ရွက်ရလိမ့်မယ်။ မဟုတ်ရင် ဘယ်သူမှ နိုင်ငံရေးကို ကြောက်လန့်ပြီး လုပ်နိုင်ကြမှာ မဟုတ်တော့ဘူး”ဟုသုံးသပ်သည်။

လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးသူ အနိုင်ရစနစ်မှ အချိုးကျရွေးကောက်တင်မြှောက်သည့်စနစ် ပီအာရ်ကို ပြောင်းသုံးရန် အာဏာရပါတီက အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်ပြီးဖြစ်သည်။ ယင်းသို့ လွှတ်တော်တစ်ရပ်၌ အဆိုတင်သွင်းခြင်းအပြင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပြည်သူ့လွှတ်တော်၌လည်း တင်သွင်းရန် စီစဉ်ထားသည်။

No comments: