ယုဝေ
ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး ပူးပေါင်းဆောင်ရွက်ရန် မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနှင့်မျှ ညှိနှိုင်းထားခြင်းမရှိဘဲ အစိုးရနှင့် စားပွဲဝိုင်းနိုင်ငံရေး ဆွေးနွေးသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်သွားမည်ဟု ကေအင်န်ယူ ဗဟိုကော်မတီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် က မဇ္ဈိမကို ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံကိုတော့ ပြင်မှာပဲလေ။ ဒါပေမဲ့ ခုနိုင်ငံရေးပါတီတွေ လုပ်သလို လမ်းပေါ်ထွက်ပြီး အုတ်အော်သောင်းတင်းတော့ လုပ်မှာ မဟုတ်ဘူး။ သမ္မတ ကိုယ်တိုင်ကလည်း ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အားနည်းချက်တွေရှိတယ်။ ပြင်ဖို့လိုတယ်ပြောပြီးသား ပြင်မယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ နိုင်ငံရေးစားပွဲ ပေါ်မှာပဲ ပြင်သွားမယ်” ဟု ကေအင်န်ယူ ဗဟိုကော်မတီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဆောင်ရွက်နေသည် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများပူးပေါင်းဆောင်ရွက်ရန်ရှိ မရှိကိုမူ မှတ်ချက်မပေးလိုဟု ၎င်းက ပြောသည်။
ထို့အပြင် ကေအင်န်ယူဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ပြီးခဲ့သော လပိုင်းအတွင်း သွားရောက်ခဲ့သည့် ပြည်တွင်းခရီးစဉ်များတွင် ပြောခဲ့သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများသည် သူ၏ သဘောသာဖြစ်ပြီး ကေအင်န်ယူနှင့် မသက်ဆိုင်ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ဖို့ ကြိုးစားနေတုန်းပါ။ ဖြစ်လာခဲ့ရင်လည်း ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့အပေါ်ကို သူဘာပြောမလဲစောင့်ကြည့်ရတာပေါ့” ဟု ဖဒိုမန်းငြိမ်းမောင်က ဆက်လက်သည်။
အစိုးရနှင့် ကေအင်န်ယူ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရန်ညှိနှိုင်း ဆွေးနွေးဆဲအဆင့်၌ ရှိနေသည်။ ယင်းနောက်မှ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ညှိနှိုင်းခြင်းမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနှင့်တပ်မတော်ဖြစ်ရေး စသဖြင့် ဆွေးနွေးသွားကြရန် မျှော်မှန်းထားသည်။
မေလ ၂၈ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲအပြီး၌ ထုတ်ပြန်သည့် ကြေညာချက်ကလည်း ကေအင်န်ယူ၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဟူသော နိုင်ငံရေးဦးတည်ချက်အပေါ် လိုက်ပါရပ်တည်သွားရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟူသော အချက်ကို နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်အားလုံးက ခြွင်းချက်မရှိ ထောက်ခံကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
No comments:
Post a Comment