လပြည့်ဝန်း
လက်ပံတောင်းတောင် ပြဿနာများကို နိုင်ငံတကာတွင်ရှိသော မတရားမှုပပျောက်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး နိုင်ငံတကာစံနှုန်းများဖြင့် ဖြေရှင်း ဆောင်ရွက်သွားမည်ဟု လက်ပံတောင်းတောင်ကို လေ့လာနေသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် အမေရိကန်နိုင်ငံ အခြေစိုက် Justice Trust မှ နိုင်ငံတကာဥပဒေပညာရှင် Mr.RogarNormand က ပြောသည်။
“လက်ပံတောင်းတောင်နဲ့ ပတ်သက်လို့ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာမှာ မီးမောင်းထိုးပြသွားချင်လို့ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ပြဿနာက လက်ပံတောင်း ဒေသ တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးနဲ့ ဆိုင်တာကို တွေ့ရတယ်။ ဒါ့ကြောင့် အမျိုးသား အဆင့် စစ်တမ်းပုံစံမျိုး တင်ပြသွားမှာပါ” ဟု ၎င်းက ဇွန်လ ၁၆ ရက်နေ့၊ စီးတီးစတားဟိုတယ်တွင် ကျင်းပခဲ့သော သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။
လက်ပံတောင်းနှင့်ပတ်သက်ပြီး ပြုလုပ်နေကြသော စစ်တမ်းအများစုတွင် ဒေသခံ ပြည်သူများ၏ အသံများ မပါဝင်ဘဲ လေ့လာမှု သက်သက်သာပြုလုပ်နေသော စစ်တမ်းများဖြစ်၍ ထိရောက်မှုမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ထို့ကြောင့် Justice Trust အဖွဲ့အနေနှင့် ပြည်သူများ၏ အသံကို ကိုယ်စားပြုပြီး နိုင်ငံတကာကို ချပြသွားကာ ပြဿနာ၏ အဓိကအကြောင်း အရာများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
Justice Trust အဖွဲ့သည် လက်ပံတောင်းတောင်ကို ၂၀၁၃ ခုနှစ်မှစတင် လေ့လာခဲ့ပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် ဒေသခံများအကြား ချုပ်ဆိုထားသော စာချုပ်များသည် တရားမ၀င်ကြောင်း၊ လက်ပံတောင်း ဒေသခံများ၏ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်း လှည့်လည်ခွင့်နှင့်ပတ်သက် ပြီး ငြင်းပယ်ခံရကြောင်း၊ လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် အသုံးပြုသည့်လက်နက်သည် စစ်တပ်ပိုင်းတွင်သာ အသုံးပြုရသော လက်နက်ဖြစ်ကြောင်းကို လေ့လာတွေ့ရှိခဲ့ ပြီး အဆိုပါအကြောင်းအရာများနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“လက်ပံတောင်းတောင်ကိစ္စကို ပြည်တွင်းနဲ့တင် ဖြေရှင်းနေလို့ မရတော့ဘူး။ ပြည်ပအကူအညီယူမှ ရတော့မယ်။ လက်ပံတောင်းတောင်ရဲ့ မြေ၊ ရေတွေ အားလုံးကို နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းမှာ ပြန်စမ်းသပ်သွားမယ်”ဟု မြန်မာအစိမ်း ရောင်ကွန်ရက်မှ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင် ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
No comments:
Post a Comment