ကျော်စွာဝင်း
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗဟို (စံပြ) ငါးဈေးပြင်ပ နှင့် အနီးပတ်ဝန်းကျင်လမ်းများတွင် တရားမဝင်ငါးရောင်းနေကြသည့် ပျံကျဈေးသည်များကို ရွှေပိတောက်ငါးဈေးသို့ ပြောင်းရွေ့ခြင်းမပြုလျှင် ဒေသန္တရ ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဈေးများဌာနမှူး ဦးစံရွှေထွန်းက မဇ္ဈိမကို ပြောသည်။
“စံပြ ငါးဈေးထဲမှာရောင်းတာ ပြဿနာမရှိဘူး။ ဈေးပြင်ပ နတ်စင်လမ်းနဲ့ အခြားလမ်းတွေမှာ တရားမဝင် ငါးရောင်းတဲ့ အဖွဲ့တွေရှိပါတယ်။ အရင်ကပြောင်းဖို့ မပြောခဲ့ဘူး။ ပေးစရာမရှိလို့။ အခုရွှေပိတောက်ငါးဈေးလည်း ဖွင့်ပြီ အခုနေရာလည်း ပေးဖို့ရှိလို့ ပြောင်းဖို့ပြောတာပါ။ မပြောင်းရင် ပထမဆုံး ဥပဒေနဲ့ အရေးယူမှာပါ”ဟု ဦးစံရွှေထွန်းကဆိုသည်။
အဆိုပါ ဗဟို(စံပြ)ငါးဈေးတွင် တရားမဝင်ရောင်းချနေသည့် ပျံကျဈေးဆိုင်ပေါင်း ၄၉ ဆိုင်ရှိပြီး ရန်ကုန်မြို့တွင်း တိုးတက်လာမည့် ရေလုပ်ငန်း လုပ်ကိုင်သူများအတွက် ရည်ရွယ်ကာ ခေတ်မီတည်ဆောက်ထားသည့် ရွှေပိတောက်ငါးဈေးသို့ ပြောင်းရွေ့ခိုင်းခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်း ဦးစီးဌာန ဌာနမှူးက ဆိုသည်။
ဗဟို (စံပြ) ငါးဈေးတွင် လုပ်ကိုင်နေသော ပွဲရုံပိုင်ရှင်ဦးထွန်းထွန်းဝင်းက "ဒီနားကလူတွေက ဗဟို ငါးဈေးကို မှီခိုနေရတဲ့လူတွေပါ။ ငါးခြစ်ဈေးကွက် လုပ်ငန်းလုပ်ကိုင်ဖို့ ဗဟို စံပြငါးဈေး အတွင်းပိုင်းက လက်မခံခဲ့ဘူး။ ဒါကြောင့် ပြင်ပမှာလုပ်တာပါ။ ဆိုင်ခန်းမပိုင်ဆိုင်တဲ့လူတွေများစွာရှိပါတယ်။ စားဝတ်နေရေးကျပ်တည်းနိုင်ပါတယ်။ ကျွန်တော်က ဟိုမှာလည်း ဆိုင်ခန်းဝယ်ထားတော့ အထက်က ညွန်ကြားတဲ့အတိုင်း လိုက်နာရမှာပါ”ဟု ပြောသည်။
ပြောင်းရွေ့ရမည့် ရွှေပိတောက်ငါးဈေးသည် ၈.၁၁၂ ဧက ကျယ်ဝန်းပြီး ဈေးရုံ ရှစ်ရုံပါဝင်ကာ ဈေးရုံ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၆ဝ ပါဝင်တည်ဆောက်ထားသည်။ ယင်းအပြင် ဈေးဝယ်လာသူများ အဆင်ပြေစေရန်အတွက် ၂၈၅ x ၂ဝဝ ပေရှိ ကားပါကင်တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး ဆိုင်ခန်းတစ်ခန်းလျှင် ၁၈ x ၁၁ပေကျယ်ဝန်းရှိသည်။
ဆိုင်ခန်းတစ်ခန်း တန်ဖိုးမှာ ကျပ်သိန်း ၂၅ဝ နှင့် သိန်း ၃ဝဝ သတ်မှတ်ထားကာ အရစ်ကျဝယ်ယူစနစ်အပြင် ပျံကျဈေးရောင်းသူများကိုမူ ၎င်းတို့ လက်ရှိငှားရမ်းနေရသည့် ဈေးထက် လျော့ကာ ငှားရမ်းပေးနိုင်ရန် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနနှင့် ဈေးသာယာရေးအဖွဲ့မှ စီစဉ်နေသည်ဟု ဦးစံရွှေထွန်းက ပြောသည်။
No comments:
Post a Comment