Saturday, June 7, 2014

ထားဝယ်လယ်သမားများ သဘောမတူသော်လည်း လယ်မြေပေါ်ကွက် အိမ်ကွက် ၅ဝ လာရိုက်

ခင်မြတ်မြတ်ဝေ

ထားဝယ်မြို့နယ်၊ ဆန်ချီရပ်ကွက်ရှိ သိမ်းဆည်းခံ ထားရသည့် လယ်ဧကများပေါ်တွင် လယ်သမားများ သဘောမတူသော်လည်း မြို့နယ်မြေတိုင်းဦးစီးက ဇွန်လ ၃ရက်ညနေက အိမ်ကွက် ၅ဝခန့်ရိုက်ကာ ငုတ်များ လာရောက် စိုက်သွားသည်ဟု လယ်သမားအရေးနှင့် အခြားမြေယာ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြောသည်။

"ဇွန်၃ရက်နေ့က ကျွန်တော်အပါအဝင် သဘောမတူတဲ့ လယ်သမား အယောက်၂ဝကို ထားဝယ် မြို့မရဲစခန်းက ခေါ်ယူစစ်ဆေးနေတဲ့အချိန် ညနေ ၄နာရီလောက် ရုံးက ပြန်လာတော့ အကွက်တွေက ထပ်ရိုက်ထားတယ် " ဟု ကိုထွန်းထွန်းဝင်းပြောသည်။

လယ်သမားများ၏ လယ်ယာမြေများကို အစိုးရက သိမ်းဆည်းကာ လယ်မြေ ၃ဧကပိုင်သူကို ပေ ၄ဝ×၆ဝကွက် တစ်ကွက်နှုန်းဖြင့် ပြန်လည်ပေးခြင်းဖြစ်သည်။ ယင်းသို့ပေးခြင်းကို လယ်သမားများက သဘောမတူဘဲ တစ်ဧက တစ်ကွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် အဆင်မပြေဘဲ အငြင်းပွားမှုများဖြစ်ကာ လယ်သမားများကို ဇွန်လ ၃ရက်က ခေတ္တထိန်းသိမ်းသည်အထိ ဖြစ်ပွားခဲ့သည်။

ထိန်းသိမ်းခံ လယ်သမားအယောက်၂ဝကို ထားဝယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်က တရားလိုပြုလုပ်၍ တာဝန်ဝတ္တရားနှောက်ယှက်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၅၃၊ ၂၉၄နှင့် ၁၁၄တို့ဖြင့် အမှုဖွင့်ထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထားဝယ်လူအခွင့်အရေးစောင့်ကြည့်ရေး၊ အမျိုးသမီးသမဂ္ဂ အပါအဝင် ထားဝယ်ရှေ့နေမျာ အဖွဲ့အစည်းများမှ ပူးပေါင်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဇွန်လ ၅ရက်တွင် ညှိနှိုင်းဆောင်ရွက်သွားမည် ထားဝယ်တိုင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးမင်းက မဇ္ဈိမကို ပြောသည်။

ယင်းလယ်မြေများပေါ်တွင် လယ်သမားများက နှစ်စဉ် အခွန်ဆောင်၍ လုပ်ကိုင်နေခြင်းဖြစ်ပြီး ၂ဝ၁၃ခုနှစ်က လယ်ယာမြေ မှတ်ပုံတင်အသစ် ပြုလုပ်ရန် မြေစာရင်းဌာနသို့ သွားသည့်အချိန်မှ ထိုမြေများကို ၁၉၉ဝခုနှစ်ကတည်းက အစိုးရက သိမ်းဆည်းထားကြောင်း သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။

No comments: